ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရေးတင်ခဲ့တဲ့ ကာတွန်းဆရာ ၁ ဦးအပါ ပြည်မြို့ခံ ၆ ဦးထက်မနည်း ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရေးတင်ခဲ့တဲ့ ကာတွန်းဆရာ ၁ ဦးအပါ ပြည်မြို့ခံ ၆ ဦးထက်မနည်း ဖမ်းဆီးခံရ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ဆုတောင်းနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်ဆိုတဲ့ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့က ကာတွန်းဆရာရွှေဗိုလ် (ခ) အောင်ဘိုဘို နဲ့ မြို့ခံ ၅ ဦးခန့်ကို ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကိုရွှေဗိုလ် ကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် ည ၁၂ နာရီခန့်က သူနေထိုင်တဲ့ နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ဖြစ်တဲ့ အံ့ဘုန်းသွင် အကောင့်ကနေ ဖမ်းဆီးဖို့ ရေးသားတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ခဏလိုက်ခဲ့ဦးဆိုပြီး ခေါ်သွားတယ်လို့ သိရတယ်။ ပို့စ်တင်တဲ့ ကိစ္စတွေပဲဖြစ်မယ်။ သူ့ကိုဖမ်းတာက နှစ်ခါရှိပြီ။ ပထမတခါဖမ်းတာလည်း ပို့စ်တင်တဲ့ကိစ္စပဲ။ သူကကာတွန်းဆရာဆိုတော့ ကာတွန်းဆွဲတာတွေမှာလည်း သဘောမတွေ့တာတွေ ပါတယ်။" လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ကာတွန်းကိုရွှေဗိုလ်ကို မိသားစုနဲ့ အဆက်သွယ်မရသေးဘဲ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) မှာ စစ်ဆေးနေတယ် ဆိုတာကိုပဲ သိကြရတယ်လို့ သူက ဆက်ပြောပါတယ်။

သူ့ကို စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ကာ ယခုတကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။

အလားတူ ပန်းသပိတ်လှုပ်ရှားမှုနဲ့ဆက်နွယ်နေတဲ့ ရေးသားချက်တွေ မှတ်တမ်းဓါတ်ပုံနဲ့ အကောင့်တွေ၊ နေရပ်လိပ်စာတွေကို အံ့ဘုန်းသွင် တယ်လီဂရမ်မှာ ဖော်ပြဖမ်းဆီးခိုင်းခဲ့တာကြောင့် အဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီး ၅ ဦးထက်မနည်းရှိနေပြီး ပြည်ခရိုင်တွင်းက အခြားသူတွေကိုလည်း ဖမ်းဆီးခိုင်းနေတာ အများအပြားရှိနေပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည် #ပန်းသပိတ် #ကာတွန်းဆရာ #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10