ဒေါ်အောင်ဆန်းစုကြည်အပါ ဖမ်းဆီးခံရသူတွေနဲ့ ကျဆုံးသူတွေအတွက် ဆုတောင်းသပိတ်ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်အပါ ဖမ်းဆီးခံရသူတွေနဲ့ ကျဆုံးသူတွေအတွက် ဆုတောင်းသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၄ ရွာက ဒေသခံတွေစုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဇွန်လ ၂၁ ရက် ဒီမနက် ၈ နာရီမှာ ဆုတောင်းသပိတ်တခု ကျင်းပပြုလုပ်ခဲ့တယ်လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့ဆီက သိရပါတယ်။ 

ဒီဆုတောင်းသပိတ်ကို ကနီမြို့နယ်က ကျေးရွာတရွာမှာ ၁ နာရီအကြာပြုလုပ်ရာ တက်ရောက်လာတဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်က “ပြည်သူသည်သာ အဓိက” ဘန်နာစာသားကို ကိုင်ဆောင်ကာ “စစ်အာဏာရှင် မုချကျဆုံးရမည်၊ အဓမ္မဘက်တော်သားတွေ ကျဆုံးပြီး ဓမ္မဘက်တော်သားတွေ နိုင်ပါစေ” စတဲ့ကြွေးကြော်သံတွေနဲ့အတူ သပိတ်ကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

"အဓိကတော့ ကျဆုံးကြွေလွင့်သွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းမေတ္တာပို့သတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီးတော့မှ ပြုလုပ်ခဲ့တာ" လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

အခမ်းအနားမှာ ကနီသပိတ်ဦးဆောင် မင်္ဂလာအိုင်သာဆရာတော် (သာသနဓဇဓမ္မာစရိယ)မှ တော်လှန်ရေးဩဝါဒတရား ဟောကြားတာ၊ ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးကာလ တလျှောက် ကျဆုံးကြွေလွှင့်သွားတဲ့ ရဟန်းရှင်၊လူ၊ ကျောင်းသား မိဘပြည်သူတွေကို ဆုတောင်းမေတ္တာပို့သတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအကုန်လုံး ဘေးကင်းကျန်းမာစွာ အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းတာနဲ့ သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတရား ဟောကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ဆုတောင်းသပိတ်ကို ကနီသပိတ်အင်အားစုအဖွဲ့ဝင်  မြန်မာအကပညာရှင် ပန်တျာနိုင်အောင်က တော်လှန်ရေးတေးသီချင်း အကတွေနဲ့ ကပြဖျော်ဖြေကာ သပိတ်အခမ်းအနားကို အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ဆုတောင်းသပိတ် #ဒေါ်အောင်ဆန်းစုကြည် #ကနီမြို့နယ် #နွေဦးတော်လှန်ရေးသပိတ် #အင်အားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10