ဓာတ်အားလိုင်းတိုင်တွေကျိုးလို့ ပခုက္ကူတနယ်လုံး ရက်ရှည်လျှပ်စစ်မီးပြတ်တောက်နိုင်ပြီး သောက်သုံးရေခက်ခဲနေ

ဓာတ်အားလိုင်းတိုင်တွေကျိုးလို့ ပခုက္ကူတနယ်လုံး ရက်ရှည်လျှပ်စစ်မီးပြတ်တောက်နိုင်ပြီး သောက်သုံးရေခက်ခဲနေ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့နယ်တခုလုံး လျှပ်စစ်မီးပြတ်တောက်နေပြီး ၃ ရက်ထက်မနည်းပျက်မှာဖြစ်တဲ့အတွက် သောက်သုံးရေခက်ခဲနေကြကာ အချိန်အတိုင်းတာနဲ့ အလှည်ကျဖုန်းအားသွင်းနေရတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

မေလ ၁၄ ရက် ညပိုင်းက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပခုက္ကူပင်မဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်နေတဲ့ ညောင်ပင်ကြီး-ဗုဒ္ဓကုန်းဓာတ်အားလိုင်းနဲ့ ကျွန်းချောင်း-ဗုဒ္ဓကုန်းဓာတ်အားလိုင်း 132 kV ၂ တိုင်ကျိုးကျသွားတဲ့အတွက် အခုလို တမြို့နယ်လုံးအတိုင်းအတာနဲ့ မီးမရတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 


“မီးက ၃ ရက်ထက် ပိုကြာနိင်တယ်၊ ရေတွင်းရှိတဲ့သူတွေကတော့ ရေတွင်းကရေကို ကြိုးနဲ့ဆွဲပြီးသုံးရတယ်။ ရေကတော့ အဆင်မပြေဘူး၊ ဒီထပ်ပိုကြာရင် ပိုဆိုးမှာ။ ချိုးရေထက် သောက်ရေနဲ့ ထမင်း၊ဟင်းချက်ဖို့က လိုတယ်” လို့ ပခုက္ကူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ မြို့ပေါ်ပရဟိတအဖွဲ့တွေက မီးစက်နဲ့ရေလိုက်မောင်းပေးတာတွေ၊ ရေတွင်းရှိတဲ့အိမ်က ရေပြန်လည်ဝေမျှတာတွေ လုပ်ဆောင်ပေးနေပြီး တမြို့လုံးအတိုင်းအတာနဲ့တော့ ရေလုံလောက်မှု မရှိဘဲ ရေရရှိရေးအတွက် ငွေကြေးတတ်နိုင်တဲ့သူတွေက မီးစက်ငှားပြီး ရေတင်တာတွေလုပ်ဆောင်နိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက် လက်ရှိစက်သုံးဆီဈေးနှုန်းနဲ့ မီးစက်အသုံးပြုဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖုန်းအားရရှိရေးအတွက် မြို့ပေါ်မှာရှိတဲ့ ဖုန်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အလှပြင်ဆိုင်၊ ဘီယာဆိုင်တွေကလည်း ဖုန်းအားအခမဲ့သွင်းဖို့နေရာတွေ လုပ်ဆောင်ပေးထားပြီး စစ်ကောင်စီ EPC ရုံးက တော့ မနက် ၁၀ နာရီကနေ ၁၂ အထိတကြိမ်၊ နေ့လည် ၁ နာရီကနေ ၄ နာရီ ထိတကြိမ် မီးစက်နှိုးကာ အလှည့်ကျ ဖုန်းအားအခမဲ့သွင်းနိုင်ရေး စီစဉ်ထား‌ပေးတယ်လို့သိရပါတယ်။

မြို့ပေါ်ရပ်ကွက်တချို့တွေမှာတော့ ဖုန်းအားသွင်းဖို့ အခကြေးငွေပေးကာ သွင်းနေရပြီး ဖုန်းတလုံးကို ၃၀၀ ကျပ်နဲ့ ပေးသွင်းနေရတယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပခုက္ကူ EPCရုံးကတော့ ဓာတ်အားလိုင်းပြင်ဆင်ချိန် ၃ရက် ကြာနိုင်တယ်လို့ ကနဦးပြောဆိုထားပေမယ့် ဒီကနေ့ မနက်ပိုင်းမှာတော့ ပြုပြင်ရေးပိုင်း အခက်ခဲတွေရှိနေတဲ့အတွက် ခန့်မှန်းရက်ထက် ပိုကြာနိုင်တယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။

ပခုက္ကူမှာမိုခါမုန်တိုင်းကြောင့် ပခုက္ကူမြို့ပေါ် ရွှေချောင်း ချောင်းဘေးမှာရှိတဲ့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက်က အိမ်ထောင်စု ၃၀ နဲ့ တဲအိမ် ၃၀ ရေမျောပါ ပျက်စီးမှုရှိခဲ့ပြီး လေပြင်းတိုက်ခတ်တာကြောင့် ဓာတ်အားပေးလိုင်းတွေကျိုးကျကာ လျှပ်စစ်မီးရက်ရှည်ပြတ်တောက်မယ့် အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ
#ပခုက္ကူ #ဓာတ်အားလိုင်း #ကျိုးကျမှု #လျှပ်စစ်မီး #ပြတ်တောက် #သောက်သုံးရေ #ခက်ခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10