နတ်ဆိုးတပ်ဖွဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်မှာ ဆေးခန်းနဲ့နွေဦးကျူရှင် ဖွင့်လှစ်နိုင်ခဲ့
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အခြေစိုက် နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းနဲ့ ပညာရေးစောင့်ရှောက်မှု နွေဦးကျူရှင်တို့ကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့ ဖွဲ့စည်းခြင်း တနှစ်ပြည့်ဟာ ဧပြီလ ၁၁ ရက်မှာဖြစ်ပေမယ့် စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေလို့ ဧပြီ ၁၇ ရက်မှာ အခမ်းအနားကျင်းပခဲ့ရပြီး ၁၈ ရက်မှာ ဆေးခန်းနဲ့ကျူရှင်ကို ဖွင့်လှစ်နိုင်ပေးနိုင်ခဲ့တာလို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ဆေးခန်းကတော့ အခြေစိုက်ကျေးရွာက ပြည်သူတွေအပြင် နီးစပ်ရာကျေးရွာက ပြည်သူတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေထဲက ဒဏ်ရာရလာရင်လည်း ဆေးကုသမှုပေးသွားမှာပါ။ ကျူရှင်ဆိုတာကတော့ ကျောင်းမတက်တဲ့ ကလေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ပြီး အချိန်ပိုင်း သင်ပေးသွားမှာပါ" လို့ ပြောပါတယ်။
ခုလို ဖွင့်လှစ်နိုင်ဖို့ ငွေကြေး၊ ဆေးဝါးဝယ်ယူစုတောင်းနိုင်ဖို့နဲ့ ကလေးတွေအတွက် သင်ရိုးစာအုပ်ရဖို့ အခက်ခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကျူရှင်ဖွင့်လှစ်ချိန်မှာ လာရောက်အပ်နှံထားသူ ၂၀ ဦးကျော်ရှိနေပြီး နောက်ထပ်လည်း အကန့်အသတ်မရှိ လက်ခံသွားမှာဖြစ်သလို KG တန်းကနေ နဝမတန်းထိ သင်ပေးသွားမယ်လို့ ဆိုပါတယ်။
နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ အခု ၁ နှစ်ပြည့်ချိန်အထိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းစစ်ဆင်ရေး၊ မိုင်းဆွဲတိုက်ခိုက်တာ၊ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာတွေကို အကြိမ်ရေ ၅၀ ခန့် လုပ်ဆောင်ထားနိုင်ပြီး၊ စစ်ကောင်စီတပ်သား ၁၀၀ နီးပါးကို ရှင်းလင်းထားနိုင်ကာ တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share