နတ်တလင်း တောင်ညိုဆည်စက်လှေဆိပ်က ဆက်ကြေးကောက်တဲ့ စစ်ကောင်စီတပ် ဗုံးပစ်လောင်ချာနဲ့ ပစ်ခံရ

နတ်တလင်း တောင်ညိုဆည်စက်လှေဆိပ်က ဆက်ကြေးကောက်တဲ့ စစ်ကောင်စီတပ် ဗုံးပစ်လောင်ချာနဲ့ ပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ တောင်ညိုဆည် စက်လှေဆိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို MRF-NATTALIN PDF တပ်ဖွဲ့က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လယ်အင်းမကျေးရွာအုပ်စု၊ တောင်ညိုဆည်အစပ်ရှိ အောင်သုခစက်လှေဆိပ်မှာ စစ်ကောင်စီတပ်က တပ်စွဲပြီးဒေသခံတွေကို ဆပ်ကြေးကောက်၊ ဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်နေတာကြောင့် ယမန်နေ့ ဩဂုတ်လ ၁ ရက် ည ၈ နာရီခွဲအချိန်မှာ ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အောင်သုခစက်လှေဆိပ်က စကစ စခန်းကို MRF ရဲဘော်တွေ ဗုံးပစ်လောင်ချာနဲ့ သွားပစ်တာ အထိအခိုက်တွေရှိတယ်။ သေချာတော့ သတင်းအတိအကျ မရသေးဘူး ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ တပ်ကတော့ တပ်မ ၆၆ အောက်ကပါပဲ ဒီစခန်းက ကြာပါပြီ ဟိုးကတည်းကအခြေချတဲ့စခန်းပါ ပြောရရင် လှေဆိပ်မှာထိုင်ပြီး ပိတ်ဆို့တဲ့ဂိတ်ပေါ့ အဲဒီကကောင်တွေက အောင်သုခဘုန်းကြီးကျောင်းမှာ ဟိုးကတည်းက နေကြတာ" လို့ နတ်တလင်း MRF PDF တပ်ဖွဲ့ တာ ၀န်ရှိသူတစ်ဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာနေပြည်သူတွေအပေါ် ငွေကြေးတောင်းခံတာ၊ ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုတာတွေ ပြုလုပ်နေပြီး စက်လှေဆိပ်မှာတင် ဖမ်းဆီးရိုက်နှက်မှုတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်တလင်းဒေသခံတဦးကလည်း "အဲဒီစက်လှေဆိပ်ကဖြတ်မယ်ဆိုရင် ပိုက်ဆံတောင်းတယ်၊ မှတ်ပုံတင်ပါလားဆိုပြီး စစ်တယ်။ တောင်းတာပါလို့ပြရင်လည်း လက်မခံဘူး။ ကုန်ပစ္စည်းတွေဆိုရင် သူတို့သယ်ခိုင်းသလောက်ပဲ သယ်ရတယ်။ သူတို့လိုချင်တာရှိရင် ယူထားလိုက်တယ်။ မထင်ရင် မထင်သလိုဖမ်းတယ်။ ခုလိုအပစ်ခံရတာကြားတော့ တကယ်၀မ်းသာတယ်" လို့ မြေလတ်အသံကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာ၀တီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ MRF တပ်ဖွဲ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်‌တွေရဲ့ထိခိုက်သေဆုံးမှုနဲ့ မည်သည့်တပ်ရင်းဆိုတာကို မြေလတ်အသံအနေနဲ့ အတည်ပြု၍ မရသေးပါဘူး။

ပုံစာ - တောင်ညိုဆည်ရှိ စစ်ကောင်စီတပ်ဆွဲစစ်ဆေးရာ စက်လှေဆိပ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင် #နတ္တလင်း #တောင်ညိုဆည် #စက်လှေဆိပ် #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10