နတ်မောက်က စစ်ကောင်စီသတင်းပေးဆိုသူ ဖမ်းဆီးရှင်းလင်းခံရ

နတ်မောက်က စစ်ကောင်စီသတင်းပေးဆိုသူ ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ထန်းပင်ချောင်နဲ့ ချော်ချောင်းကျေးရွာကြားမှာ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတဦးကို ဖမ်းဆီးရှင်းလင်းခဲ့တယ်လို့ နတ်မောက် ဂဠုန် PDF ဆီက သိရပါတယ်။

ဇူလိုင်လ ၁၇ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီသတင်းပေး အောင်ကိုချစ် ၄၀ နှစ်ကို လမ်းကနေဖမ်းဆီးစစ်ဆေးပြီး သေနတ်နဲ့ ၄ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့က သူ့ကို ရှာနေတာတော့ ကြာပြီ။ မတွေ့ဘူး။ ခုကလည်း ကျနော်တို့အလုပ်ကိစ္စတခုနဲ့သွားနေချိန် သူကလည်း သူအဖော်တွေနဲ့လာချိန် လမ်းမှာဆုံလို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ရှင်းပစ်လိုက်တာဖြစ်တယ်"လို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

အောင်ကိုချစ်ကို ဖမ်းဆီးရမိချိန် အဖော်ပါလာသူ ၄ ဦးဟာ သာမန် ဝက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူတွေဖြစ်ပြီး စစ်ကောင်စီနဲ့မပတ်သက်တာကြောင့် စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အောင်ကိုချစ်ဟာ ဝက်ပွဲစားလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးတာ၊ စစ်ကောင်စီစစ်ကြောင်းတွေက ကျေးရွာတွေကိုဝင်ရောက်ပြီး ဝက် အပါအဝင် အခြားဒေသခံတွေရဲ့ ပစ္စည်းတွေကိုယူလာချိန်မှာလည်း စျေးဖြတ်ပြီး ဝယ်ယူရောင်းချပေးတာ၊ စစ်ကောင်စီက မတရားဖမ်းဆီးထားသူတွေကိုလည်း ငွေနဲ့ပြန်ထုတ်နိုင်ဖို့ ပွဲစားလုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ရှင်းလင်းခံရပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ကာ အလောင်းကို နတ်မောက်ဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းကလည်း နတ်မောက်မြို့နယ်၊ ဘန်းကုန်းကျေးရွာအုပ်စု၊ ဖျောက်ဆိတ်ကုန်းကျေးရွာအနီး နတ်မောက်-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ NON-CDM ဖျောက်ဆိတ်ကုန်းရွာ မူလတန်းကျောင်းအုပ် ဦးဝင်းခိုင် ဆိုသူ ကျောင်းကအပြန်မှာ ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #နတ်မောက် #ထန်းပင်ချောင် #ချော်ချောင်း #စစ်ကောင်စီသတင်းပေး #ရှင်းလင်း #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10