နတ်မောက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးဆိုသူ ရှင်းလင်းခံရ

နတ်မောက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးဆိုသူ ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ လဲဘူးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးလို့လည်းလူသိများသူ အမျိုးသားတဦးကို ဇူလိုင် ၂၆ ရက်ဒီနေ့လယ်ပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ CRC - PLA (အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူမှာ အသက် ၄၀ အရွယ် ဦးကျော်စိုးမိုးဖြစ်ပြီး၊ သူဟာ စစ်ကောင်စီတပ်တွေကို ခေါ်ပြီးဒေသခံတွေကို ရိုက်ခိုင်းတာ၊ ဖမ်းခိုင်းတာတွေလုပ်တဲ့အပြင် လက်နက်ကိုင်ဆောင်တယ်လို့လည်း သိရတဲ့အတွက် နေအိမ်မှာတင် သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

“သူ့နေအိမ်က သော့ခတ်ထားတာ၊ သော့ကိုရိုက်ဖျက်ပြီးတော့ ကျနော်တို့ဝင်တယ်၊ သူကထွက်ပြေးတဲ့ အပြေးမှာ နောက်ကနေပစ်တာ၊ ပစ်တော့ ပထမ ၁ ချက်မှာတင် ထိပြီးသေသွားတာ၊ နောက်ကျောမှန်ပြီး ရင်ဘတ်ပွင့်ထွက်သွားတာ၊ ၃ ချက်ပစ်ခတ်ခဲ့တယ်” လို့ CRC - PLA တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဦးကျော်စိုးမိုးဟာ စစ်တပ်နဲ့လိုက်ပြီး ကျေးရွာအချို့က နေအိမ်တွေကိုလည်း မီးလိုက်ရှို့တာတွေ လုပ်တယ်လို့ သူကဆက်ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို CRC - PLA (အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)နဲ့  CRC - PLA  အဖွဲ့ဝင် OPRF - အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းရဲ့ ဂိတ်ကို CRC - PLA အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #နတ်မောက် #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ရှင်းလင်း #CRC_PLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10