နတ်မောက်ဂဠုန်တပ်ဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရ

နတ်မောက်ဂဠုန်တပ်ဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ နတ်မောက်ဂဠုန်တပ်ဖွဲ့အသုံးပြုဖို့ သယ်ဆောင်လာတဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်အပါ လက်နက် ၁၁ လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ အဲ့ဒီတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်၊ခဲယမ်းတွေ သယ်ဆောင်လာချိန် နတ်မောက်မြို့နယ်၊ ရွှေကွေ့ကျေးရွာအနီးအရောက်မှာ စစ်ကောင်စီအဖွဲ့တွေရဲ့ပိတ်ဆို့စစ်ဆေးခံခဲ့ရတာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒလန်သတင်းပေးကြောင့် လမ်းကြောင်းမှာ ပိတ်ပြီးစစ်ခံရလို့ လက်နက်တွေပါသွားတာ။ လူတွေကတော့ အလွတ်ရုန်းပြေးလာနိုင်လို့ မပါသွားဘူး။ ဒလန်သာ သတင်းမပေးရင် ခုလိုအတိအကျ ပိတ်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။" လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ပိတ်ဆို့ဖမ်းဆီးတာခံရလို့ နတ်မောက်ဂဠုန်တပ်ဖွဲ့က သယ်ဆောင်လာတဲ့ MA 3 သေနတ် ၁၀ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ယမ်းပျော့ ၃ ဘူး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လက်နက်၊ခဲယမ်းတွေဟာ စစ်ကောင်စီတပ်သားတွေအသုံးပြုခဲ့တဲ့ ကပစထုတ် MA 3 မောင်းပြန်ရိုင်ဖယ်သေနတ်တွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ သိမ်းဆည်းရရှိထားတဲ့ လက်နက်တွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ နတ်မောက်မြို့နယ်၊ ရွှေကွေ့ကျေးရွာအနီးမှာ ပြည်သူတွေ သတင်းပေးမှုကြောင့် လက်နက်သယ်ဆောင်လာသူတွေကို စောင့်ဆိုင်းဖမ်းဆီးရာ လက်နက်သယ်လာသူတွေ ထွက်ပြေးလွတ်မြောက်သွားကြပြီး MA 3 သေနတ် ၆ လက်၊ ယမ်းပျော့ ၅ ပုံး၊ လက်လုပ် စိန်ပြောင်း ၁ လက် ဖမ်းဆီးရမိထားတယ်လို့ စက်တင်ဘာ ၅ ရက်မှာ ဖော်ပြကြပါတယ်။

လက်နက်တွေဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ရွှေကွေ့၊ သရက်ချဥ်ရွာတွေအပါအဝင် အနီးဝန်းကျင်ရွာ ၄ ရွာလောက်က ဒေသခံ ၃၀ ခန့်ကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေက အသက် ၃၀ နဲ့ ၄၀ ကြားအရွယ် အမျိုးသားတွေဖြစ်ပြီး စက်တင်ဘာ ၈ ရက် မနေ့ကအထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘဲ ဘယ်နေရာမှာဖမ်းထားတယ်ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။

ပုံစာ - စစ်တပ်ကိုထောက်ခံရေးသားနေသော တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားသည့် ဖမ်းဆီးရမိလက်နက်ခဲယမ်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #နတ်မောက် #နတ်မောက်ဂဠုန်တပ်ဖွဲ့ #လက်နက်ခဲယမ်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10