နတ်မောက် ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီး/စာရေး  ရိက္ခာထွက်ဝယ်ချိန် ပစ်ခတ်ခံရပြီး သေဆုံး

နတ်မောက် ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီး/စာရေး ရိက္ခာထွက်ဝယ်ချိန် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ  ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီးတဦးကို ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

သေဆုံးသွားသူဟာ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနဲ့ ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းက တပ်ကြပ်ကြီး/စာရေး ထက်ကိုလင်း ဆိုသူဖြစ်ပြီး  ဇွန်လ ၁၄ ရက် မနေ့ မနက် ၆နာရီဝန်းကျင်က တပ်အတွက် ရိက္ခာထွက်ဝယ်ချိန်  သေနတ်နဲ့ ၅ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“တပတ်လောက်လေ့လာပြီးမှ မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ တပ်နဲ့ ၃မိုင်လောက်အကွာက ရွာနဲ့ဝေးပြီး လူရှင်းတဲ့ လယ်ကွင်းထဲမှာ ရှင်းခဲ့တာ။ သူက တပ်ရိက္ခာပိုင်းနဲ့ တပ်တွင်းစားဖိုဆောင်ကို စီမံရတဲ့သူ” လို့ ဒေါင်းစစ်သည်တပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ တပ်ကြပ်ကြီးရဲ့အလောင်းကို ရွှေပန်းတောရဲစခန်းထဲကို သယ်သွားကြပြီးနောက် နတ်မောက်ကနေ စစ်ကား ၂ စီး လူနာတင်ယာဉ်တစီးနဲ့ ရောက်လာကာ တပ်ထဲကိုပြန်သယ်သွားတယ်လို့ ဆိုပါ တယ်။

အခင်းဖြစ်ပွားပြီးနောက် ရွှေပန်းတောရွာအနီးတဝိုက်က ဒေသခံတွေကို စစ်ကောင်စီတပ်က မှတ်ပုံတင်ကအစ အသေးစိတ်စစ်ဆေးနေပြီး ရွှေပန်းတောစာသင်ကျောင်းကိုလည်း ပိတ်လိုက်တယ်လို့ သိရပါ တယ်။

အဆိုပါ စစ်ဆင်ရေးကို ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့(နတ်မောက်) နဲ့အတူ Magway  Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ရက်ကလည်း နတ်မောက်မြို့ မြင်းတဲကြီးရွာက စစ်ကောင်စီသတင်းပေး တင်မောင်ဝင်းကို ဂဠုန်တပ် နတ်မောက်PDFတပ်ခွဲက ရှင်းလင်းခဲ့ပါသေးတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ဆက်သွယ်ရေးတပ် #တပ်ကြပ်ပြီး #ပစ်သတ်ခံရ #ဒေါင်းစစ်သည် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10