နတ်မောက်မှာ အမျိုးသား ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး မိုင်းထောင်ခဲ့

နတ်မောက်မှာ အမျိုးသား ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး မိုင်းထောင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းကျေးရွာက အမျိုးသား ၁ ဦးကို စစ်ကောင်စီ စစ်ကြောင်းကပစ်သတ်ပြီး ခန္ခာကိုယ်မှာမိုင်းထောင်ထားခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၅၀ အရွယ် ဦးမောင်ဆန်းဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်မှာ သူနေထိုင်ရာတဲအရှေ့မှာပဲ ပစ်သတ်ခံခဲ့ရတာပါ။ 

"အဲ့ဒီဦးလေးအိမ်ကိုလည်းရောက်ရော PDF ဆိုင်ကယ်တွေ့တယ်ဆိုပြီး ဆိုင်ကယ်လည်းမီးရှို့ပြီးတော့ သူ့ကိုလည်း ရက်ရက်စက်စက်သတ်ပစ်လိုက်တယ်။ ပြီးတော့ မိုင်းတွေလည်း ဆင်ခဲ့တယ်။ ဝါယာကြိုးတွေနဲ့ အဲ့ဒီလူအောက်မှာ မိုင်းမြှုပ်ခဲ့တယ်။" လို့ နတ်မောက်ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

ဦးမောင်ဆန်းဟာ ကျောက်ဆည်ကုန်းရွာအပြင်ဘက် မီတာ ၃၀၀ ခန့်ရှိလယ်ကွင်းအနီး တဲတိုက်မှာ တဦးတည်း နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

အလောင်းရဲ့အောက်မှာမိုင်းရှိနေတာကြောင့် ဒီဇင်ဘာ ၂၆ ရက် ဒီမနက်ပိုင်းအထိ အလောင်းကို ဘယ်သူမှ မကောက်ရဲကြသေးဘူးလို့ ဆိုပါတယ်။

"အလောင်းကို သွားစစ်ပြီးရင်တော့ မိုင်းတွေဖြုတ်ရမှာ။ ခန္ဓာကိုယ်မှာ ဝါယာကြိုးတွေပေါ်နေတာကြောင့် မိုင်းရှိဖို့ကတော့ ၈၀ ရာခိုင်နှုန်းလောက်သေချာနေတယ်။’ လို့ ဗိုလ်အောင်ဒင်က ဆက်ပြောပါတယ်။

ဦးမောင်ဆန်းကိုပစ်သတ်ခဲ့တဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းကတည်းက ရွာမွန်တပ်ဘက်ကနေထွက်လာတဲ့ အင်အား ၅၇ ဦးပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် ဒီမနက်မှာတော့ ကျောက်အိုး၊ ဖက်တောရေကျေးရွာဘက်သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်နေတဲ့အတွက် ကန်သာ၊ ကျောက်ဆည်ကုန်း၊ ဖက်တောရေ၊ ပန်းညိုကျေးရွာတွေက ဒေသခံအမျိုးသားတွေက ဘေးလွတ်ရာကိုထွက်ပြေးနေရပြီး ကျေးရွာတွေထဲမှာတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေသာရှိနေတယ်လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းမှာလည်း အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မြင်းတဲကျေးရွာက ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေတွေ ကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၀၈၂ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #ကျောက်ဆည်ကုန်း #အမျိုးသား #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10