နတ်သံကွင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့

နတ်သံကွင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နဲ့ အုန်းနှဲပင်ဂိတ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သလို မြို့ခံအမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ PDF စစ်ကြောင်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်တိုက်ခိုက်ရေးရဲဘော် တချို့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီကျော်ခန့်မှာ ပဲနွယ်ကုန်းမြို့နဲ့ နတ်သံကွင်းမြို့အကြား အုန်းနှဲပင်ဂိတ်စခန်းတခုကို ရိုးမ(၂)စစ်ကြောင်းနဲ့ KNLA ပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး  လက်နက် ၈ လက်၊ ခဲယမ်း၊ မိုင်းတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရိုးမ ၂ စစ်ကြောင်း ကွန်မန်ဒိုတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

"(နတ်သံကွင်း)မြို့တွင်းတိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေလည်း အကျဆုံးရှိတယ်။ လက်နက်တွေလည်း သိမ်းခံရတာရှိတယ်" လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ နတ်သံကွင်းမြို့တွင်း တိုက်ပွဲမှာ KNLA ၊ PDF တွေဘက်က သေဆုံးသူ ၅ ဦးနဲ့ ပစ္စတိုသေနတ် ၁ လက်အပါအဝင် သေနတ် ၆ လက်၊ လက်ပစ်ဗုံးတွေနဲ့ကျည်ဘောက်တွေ၊ ကျည်တွေ သိမ်းဆည်းရမိထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

နတ်သံကွင်းမြို့တွင်း တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ မြို့ခံအမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

လက်ရှိအခြေနေအရ နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နတ်သံကွင်းမြို့ တိုက်ခိုက်ခံနေရာတာကြောင့်  စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ၅ ကြိမ်ထက်မနည်း လုပ်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် နတ်သံကွင်းမြို့ဒေသခံရာချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရ ပါတယ်။

ဒီဇင်ဘာ ၅ ရက်က နတ်သံကွင်းမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုလောက်ကို KNLA ပူးပေါင်း တပ်တွေဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မြို့စျေးနားအထိ ရောက်ခဲ့ပေမဲ့ မြို့သိမ်းနိုင်တဲ့အခြေအနေထိ မရောက်ခဲ့ဘဲ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

ဇွန် ၆ ရက်ကလည်း KNLA ပူးပေါင်းတပ်တွေဘက်က နတ်သံကွင်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး မြို့မသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

ပုံစာ - နတ်သံကွင်းတိုက်ပွဲတွင် သေဆုံးသွားသည့် PDF ရဲဘော်များ၊ ကလေးများနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့ #နတ်သံကွင်းမြို့ #အုန်းနှဲပင်ဂိတ်စခန်း #KNLA #မြို့သိမ်းတိုက်ပွဲ #လေကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10