နတ်သံကွင်းမြို့သိမ်းတိုက်ပွဲ ၂ ရက်ကြာပြီးနောက် KNLA နဲ့ ပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်လာ

နတ်သံကွင်းမြို့သိမ်းတိုက်ပွဲ ၂ ရက်ကြာပြီးနောက် KNLA နဲ့ ပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်လာ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို သိမ်းဖို့သွားတဲ့ KNLA ပူးပေါင်းတပ်တွေ ဟာ မြို့မသိမ်းနိုင်ဘဲ ပြန်ဆုတ်လာရတယ်လို့ မြေပြင်တိုက်ခိုက်ရေးတပ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် နေ့လယ် ၂ နာရီလောက်ကစပြီး နတ်သံကွင်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုလောက်ကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မြို့စျေးနားအထိ ရောက်ခဲ့ပေမယ့် မြို့သိမ်းနိုင်တဲ့အခြေနေထိ မရောက်ခဲ့ဘဲ ပြန်ဆုတ်လာရတာလို့ ဆိုပါတယ်။

"မြို့သိမ်းတိုက်ပွဲတွေလုပ်တဲ့နေရာမှာ ကျနော်တို့တွေဘက်က စစ်ပန်းတာရယ်။ စကစဘက်က မြို့တွေမှာခြေကုပ်ယူပြီး ဒေသခံတွေကို လူသားဒိုင်းအနေထားနဲ့လုပ်ထားတဲ့ သဘာဝတွေရယ်ကြောင့် သိမ်းဖို့ခက်တဲ့ အခြေနေတွေရှိလာတယ်။ ဒါကြောင့်လည်း နတ်သံကွင်းကို သိမ်းလို့မရခဲ့တာပါ" ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နတ်သံကွင်းမြို့သိမ်းတိုက်ပွဲဟာ ၂ ရက်တာကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာ KNLA ပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဥ်သုံးပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၈ တပ်ကလည်း လက်နက်ကြီးပစ်ကူတွေ လုပ်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ နတ်သံကွင်းမြို့တွင် လူဦးရေ ၈၇၀၀ ကျော်ရှိပြီး အခုတိုက်ပွဲဖြစ်ပွားမှုကြောင့် နတ်သံကွင်းမြို့က လူဦးရေ ၅၀၀၀ ကျော်ဟာ မြို့ကိုစွန့်ခွာပြီး ညောင်လေးပင်မြို့ အပါအဝင် ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ မုန်းမြို့က ရဲစခန်း၊ ခမရ ၅၉၀ နဲ့ ခမရ ၅၉၉ ကို ထိန်းချုပ်ထားနိုင်ပြီး ခမရ ၅၉၉ ဗျူဟာကုန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့နယ် #KNLA #ပူးပေါင်းတပ် #တပ်ပြန်ဆုတ် #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10