နတ်သံကွင်းရဲစခန်းဝင်စီးခံရ၊ စစ်တပ်က လေယာဉ်သုံး တိုက်ခိုက်နေ

နတ်သံကွင်းရဲစခန်းဝင်စီးခံရ၊ စစ်တပ်က လေယာဉ်သုံး တိုက်ခိုက်နေ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ နတ်သံကွင်းရဲစခန်း ဝင်စီးခံရလို့ စစ်တပ်က လေယာဉ်သုံးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက် မနက် ၄ နာရီခန့်မှာ KNLA ပူးပေါင်းတပ်တွေက နတ်သံကွင်း အမှတ် ၆ ရပ်ကွက်ရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

"လောလောဆယ်သိထားသလောက်က ရဲစခန်းကို ဝင်စီးတယ်။ ဝင်သိမ်းနိုင်လောက်တဲ့ အခြေနေလည်းရှိနေတယ်လို့ သိရတယ်။ စကစဘက်က အထိနာတော့ တိုက်လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီးနဲ့လည်း လာပစ်တာရှိတယ်။ မနက် ၉ နာရီကျော်လောက်မှာတော့ အခြေနေငြိမ်သက်နေတယ်။ စစ်တောင်းမြစ်ကူးတံတားကတော့ မိုင်းခွဲခံရလို့ ပြိုကျသွားတယ်လို့တော့ သိရတယ်"လို့ သူက ဆက်ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေက နတ်သံကွင်းရဲစခန်းကိုတိုက်ခိုက်နေသလို ရေတွင်းကုန်းကြီး၊ ဘုံသတောရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာလည်း တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါတယ်။

မနက် ၆ နာရီခွဲခန့်မှာတော့ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့တို့ကို ချိတ်ဆက်ထားတဲ့  စစ်တောင်းမြစ်ကူးတံတား ပေါက်ကွဲသံနဲ့အတူ ထက်ပိုင်းကျိုးကျသွားတယ်လို့လည်း သိရပါတယ်။

မနက် ၇ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့တာတွေရှိပြီး မြေပြင်ထိခိုက်မှုအခြေနေကို မသိရသေးပါဘူး။

နတ်သံကွင်းရဲစခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းနိုင်တဲ့အခြေနေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများတယ်လို့ဆိုပေမယ့် မြေလတ်အသံက အတည်ပြုနိုင်ဖို့ ချိတ်ဆက်မေးမြန်းနေပါတယ်။

တိုက်ပွဲကြောင့် နတ်သံကွင်း၊ ဘုံသတောနဲ့ ရေတွင်းကုန်းကြီးက ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

 

ပုံစာ - ကျောက်ကြီးနဲ့ နတ်သံကွင်းကိုချိတ်ဆက်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား ပျက်စီးနေပုံ

စာတည်း - လင်းဇေ

#မြေလတ်အသံ

#နတ်သံကွင်း #ကျောက်ကြီးမြို့နယ် #KNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10