နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက VPN တွေစစ်ဆေးပြီး ဖမ်းဆီးငွေတောင်းနေ

နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက VPN တွေစစ်ဆေးပြီး ဖမ်းဆီးငွေတောင်းနေ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ ဖုန်းထဲမှာ VPN ရှိမရှိ စစ်ဆေးပြီး ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သား ၄၀ ကျော် အထိုင်ချနေတဲ့ အဆိုပါစစ်ဆေးရေးဂိတ်မှာ ဇွန် ၁၅ ရက် ဒီကနေ့မနက်ပိုင်းကစပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေကာ ငွေပေးဆောင်ရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“ဒီမနက်မှ စ,စစ်တာ၊ ခရီးသွားတွေဆီက VPN ဆော့ဝဲလ် မိရင် ၅ သောင်း တောင်းတယ်။ အသိတယောက်ဆို VPN စစ်နေတာတွေ့လို့ ပြန်လှည့်ပြေးခဲ့ရတယ်။”လို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။

နန့်စီးအောင် စစ်ဆေးရေးဂိတ်ဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အပိုင်ထဲမှာ ပါဝင်ပြီး စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ဘက်ကူးမယ်ဆိုရင် ပထမဆုံးဖြတ်သန်းရတဲ့ ဝင်ပေါက် စစ်ဆေးရေးဂိတ်တခုဖြစ်သလို စစ်ကောင်စီအတွက် ဝင်ငွေအမြောက်အမြားရရှိရာ ဂိတ်တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ထဲ ဝင်မယ်ဆိုရင် အဲ့ဂိတ်က အဆိုးဆုံးပဲ။ နန့်စီးအောင်ဂိတ်က ဖြတ်ကိုဖြတ်ရတယ်။ တော်တော်လေးလည်း ကြမ်းတယ်။ စစ်ကောင်စီအတွက် တော်တော်လေး ငွေရှာပေးတဲ့ ဂိတ်လို့ပြောလို့ရတယ်။ ငွေလည်း အတောင်းကြမ်းတယ်။ တရက်ကို သိန်းထောင်ချီ ရတယ်။"လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဂိတ်မှာ စစ်တပ်၊ ရဲ၊ လဝက၊ မူးယစ်၊ စရဖ၊ စသုံးလုံး၊ SNA၊ ပြည်သူ့စစ် စတဲ့ အဖွဲ့ပေါင်းစုံ အထိုင်ချကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လာရောက်တိုက်ခိုက်တာကို ကာကွယ်ဖို့အတွက် ခရီးသွားကားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလေ့ရှိတဲ့ အဆိုးဆုံး ဂိတ်တခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“အဲ့ဂိတ်က တော်တော်ဆိုးတယ်။ ညနေ ၆ နာရီနောက်ပိုင်းဆို ဂိတ်ရဲ့ ဟိုဘက်ဒီဘက် တံခါးတွေကို ပိတ်ချပစ်လိုက်တာ။ အလယ်မှာ ကားတွေနဲ့ ခရီးသည်တွေကို မထွက်ခိုင်းတော့ဘူး။ တော်လှန်ရေးဘက်က လာပစ်ရင် ပြည်သူတွေနဲ့ ကာဗာထားသလိုမျိုး လုပ်တာတွေရှိတယ်။”လို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၄ မေလကုန်က စတင်ကာ VPN အသုံးပြုမှုတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဇွန်လဆန်းပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့နဲ့ မကွေးတိုင်း၊ မကွေးမြို့မှာ ဖုန်းထဲမှာ VPN တွေ့လို့ ဖမ်းဆီးခံရသူတွေ၊ ဒဏ်ကြေးငွေ ၂ သိန်းထိ ပေးဆောင်ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - နန့်စီးအောင် စစ်ဆေးရေးဂိတ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချင်းပြည်နယ် #နန့်စီးအောင် #စစ်ကောင်စီ #စစ်ဆေး #VPN

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10