နမခဌာနချုပ် လုံခြုံရေးတာဝန်ကျ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

နမခဌာနချုပ် လုံခြုံရေးတာဝန်ကျ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်းတပ်သား ၄ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ယင်းမာပင်အခြေစိုက် Union Liberation Front-ULF စစ်ကြောင်းက ဇန်နဝါရီ ၁၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေဟာ နမခဌာနချုပ်အတွင်း လုံခြုံရေးတာဝန်ကျနေတဲ့ တပ်မ ၇၇ လက်အောက်ခံ အင်းတကော်မြို့အခြေစိုက် ခမရ ၁၀၅ တပ်ရင်းက တပ်သား ကျော်ကျော်ဖြိုး၊ ကျော်မျိုးထွန်း၊ စက်ပိုင်ထွန်း (ခ) ရဲရင့်ပိုင်၊ အေးချမ်းဖြိုးတို့ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် မနက် ၅ နာရီမှာ နမခကနေ အရပ်ဝတ်တွေနဲ့ထွက်ပြေးလာပြီးနောက် လိုင်းကားတွေစီးနင်းကာ ယင်းမာပင်နယ်ထဲကို ရောက်လာခဲ့ကြတာလို့ဆိုပါတယ်။

" သူတို့မှာပါတဲ့ လက်နက်နဲ့ပစ္စည်းတွေကိုတော့ လုံခြုံတဲ့တနေရာမှာဝှက်ခဲ့တာ။ ကျနော်တို့ ဘက်ထွက်လာတဲ့အချိန်မှာ စစ်ကြောင်းကကင်းလှည့်တဲ့ ရဲဘော်တွေနဲ့တွေ့ပြီး အလင်းဝင်ချင်ကြောင်းပြောပြလို့ လက်နက်လည်း ဘယ်မှာဝှက်ထားဆိုတာပြောလို့ သွားယူခဲ့တယ်။"လို့ ULF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နမခကနေ ယမန်နေ့မနက်အစောပိုင်းက ထွက်ပြေးလာပြီး နေ့လယ်ပိုင်းမှာ  ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ဆုံကာ ခိုလှုံနိုင်ခဲ့တာဖြစ်ပြီး နမခကနေ မထွက်ခွာခင်မှာ လက်နက်တွေကို ကြိုတင်ဖွက်ထားနိုင်ခဲ့တာလို့ သိရပါတယ်။

ဘက်ပြောင်းလာသူတွေဟာ ဧရာဝတီတိုင်းဇာတိ ၃ ဦး၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့က ၁ ဦး ဖြစ်ပြီး ၎င်းတို့ ၄ ဦးစလုံးဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့ သင်တန်းအပတ်စဥ် ၅ အတွက် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေဖြစ်ကာ ၎င်းတို့ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး လတ်တလောမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်သား ၄ ဦးထံကနေ သေနတ် ၄ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် ၇၀၀ ကျော် ပါလာခဲ့လို့ ULF စစ်ကြောင်းက ၁ ဦးကို ငွေကျပ်သိန်း ၃၀ စီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘယ်ပြောင်းခိုလှုံလာသူ ၄ ဦးရဲ့ စားဝတ်နေရေးအတွက်စီစဥ်ပေးထားပြီး လွတ်လပ်စွာနေထိုင်ခွင့်ပေးထားကာ နောက်ပိုင်းမှာ မိသားစု၊ ဆွေမျိုးတွေနဲ့တွေ့ဆုံခွင့်ရဖို့ စီစ​ဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၇ ရက်ကလည်း မြိုင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက လုပ်သက် ၄ နှစ်ကျော်ရှိ ရဲတပ်သား အေးမင်းထွန်းဆိုသူ ULF စစ်ကြောင်းထံ ဆက်သွယ်ပြီးမှ လက်နက်မဲ့ဘက်ပြောင်း ခိုလှုံလာခဲ့ကာ၂၀၂၄ ဇန်နဝါရီကနေ ၂၀၂၅ ဇန်နဝါရီအထိ ၁ နှစ်တာအတွင်း ၎င်းတို့စစ်ကြောင်းထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးနဲ့ရဲ ၁ ဦးရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နမခ #စစ်သား #ဘက်ပြောင်းခိုလှုံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10