နမခ တပ်စခန်းတခုကို သိမ်းပိုက် စကစစစ်သား ၁၀ ဦးကျော် သေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နမခ တပ်စခန်းတခုကို သိမ်းပိုက် စကစစစ်သား ၁၀ ဦးကျော် သေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြားရှိ ကျောက်မျက်တောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့စခန်းကို ဝင်ရောက်ပစ်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Dragon Brothers Task Force -DBTF အဖွဲ့ဆီက သိရပါတယ်။

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နမခ က စစ်သားအင်အား ၈၀ လောက်နဲ့ စခန်းအထိုင်ချထားတာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက PDF အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ မနေ့က ညနေ ၅ နာရီခွဲမှာစပြီး တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၁၀ ယောက်အထက်မှာရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်" လို့ Dragon Brothers Task Force - DBTF တာဝန်ခံက ပြောပါတယ်။

၁ နာရီခွဲအကြာ တိုက်ခိုက်ခဲ့ရတဲ့ အဲ့ဒီတိုက်ပွဲအပြီးမှာ ကာကွယ်ရေးတပ်တွေက စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်နဲ့ပတ်သက်ပြီး "ကျနော်တို့ မဟာမိတ်အဖွဲ့ထဲက ရဲဘော်တဦး ကျဆုံးခဲ့တယ်" လို့ ကျောက်လုံးကြီး KLG တပ်မဟာရဲဘော်တဦးကလည်း ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း M-14 နင်းမိုင်း အလုံး ၄၀၊ စနက်တံ ပါ MG-1 ပလပ်စတစ်လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀၊ Anti Drone Gun ၁ လက် စတဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေ  အများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ က စစ်သားတွေ တပ်စွဲထားတဲ့စခန်းကို PDF အဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ကျောက်လုံးကြီး KLG တပ်မဟာ၊ Dragon Brothers Task Force -DBTF ၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10