နယ်မြေပြန်သိမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ မတ္တရာမြို့နယ်မြစ်ကမ်းဘေးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

နယ်မြေပြန်သိမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ မတ္တရာမြို့နယ်မြစ်ကမ်းဘေးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်အထိနာကာ လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြို့အထွက်က ကျေးရွာတွေကို  စစ်ကောင်စီဘက်က စစ်ကြောင်းထိုးကာ နယ်မြေပြန်သိမ်းနေချိန် မြစ်ကမ်းအနီးကတပ်အထိုင်စခန်းကို PDFတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီအထိုင်ချထားတဲ့  မြစ်ကမ်းအနီးက ငယ်တိုးကျေးရွာစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မနက် ၉ နာရီလောက်မှာတော့ Mi-35 ၁ စီး၊ ၁၁ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ငယ်တိုးကျေးရွာဘက်ကို လေကြောင်းကတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

"စခန်းကိုတော့ မရလိုက်ဘူး။ ကိုယ့်ဘက်က ရလဒ်ကောင်းတွေထွက်တယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ အထိခိုက်မရှိဘူး"လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မနေ့ကတိုက်ပွဲအပြီး စစ်တပ်က ဧရာဝတီမြစ် ရေကြောင်းကနေ စစ်သင်္ဘော ၂ စီး၊ တိုက်ခိုက်ရေးယာဥ် ၂ စီးတို့နဲ့ပါ စစ်ကူလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ဒီနေ့မနက်လည်း စစ်တပ်က မတ္တရာအနောက်ခြမ်းက သူတို့အထိုင်ချထားတဲ့ ကျေးရွာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် မတ္တရာမြို့ပေါ်ကနေလည်း ဟောင်ဝစ်ဇာနဲ့ ပစ်နေတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်ကိုစစ်တပ်က ထိုးစစ်ဆင်ကာ မတ္တရာမြို့ရဲ့အနောက်မြောက်ခြမ်းက တုံကုန်း၊ ဝန်စု၊ မြွေထိန်ပင်၊ ထိန်ပင်စောက်​ကျေးရွာတွေကို ဒီလထဲမှာသိမ်းယူထားပြီး မြွေထိန်ပင်မှာ လက်နက်ကြီးအထိုင်ချပစ်ခတ်နေတာလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာပေါင်း ၂၀ လောက် စစ်ရှောင်နေကြရပါတယ်။

ပုံစာ - စဉ့်ကူးမြို့တွင်း လုံခြုံရေးကင်းလှည့်နေသည့် MDY PDF တပ်ဖွဲ့ဝင်အချို့။ (ပုံဟောင်း)

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မတ္တရာ #စစ်တပ် #PDF #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10