နယ်မြေရှင်းလင်းချိန်တွေ့ရတဲ့ တပ်ကြပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့

နယ်မြေရှင်းလင်းချိန်တွေ့ရတဲ့ တပ်ကြပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးမှာ မိုင်းထိဒဏ်ရာနဲ့သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်ကြပ် ၁ ဦးရဲ့ အလောင်းကို တူးဖော်တွေ့ရှိခဲ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနေ့ကညနေ ၃ နာရီဝန်းကျင်မှာ ကျောက်ဆောက်ကျေးရွာအနီး ကားလမ်းဘေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးသွားချိန် မြေပုံတခုကို မသင်္ကာလို့တူးဖော်ကြည့်ရမှာ တပ်ကြပ်စိုးထိုက်ဦးရဲ့အလောင်းနဲ့ ပြန်တမ်းစာ ၁ စောင်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

“စစ်**တွေက ဂေါ်ထိုးကားနဲ့မြေဖော်ပြီးတော့ အမိန့်စာရွက်နဲ့အတူတူ လမ်းဘေးမှာမြှုပ်ပစ်ခဲ့တာ၊ ခြေထောက်တဖက်ကလည်း ပြတ်နေတယ်၊ ဒဏ်ရာတွေကလည်း အများကြီးပါ။” လို့ COBRA ONE Pakokku ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောပါတယ်။

တပ်ကြပ် စိုးထိုက်ဦးဟာ ပခုက္ကူမြို့ကနေ မြိုင်မြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေး လုပ်ပေးချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုခံရပြီးနောက် ဇန်နဝါရီ ၇ ရက်မှာသေဆုံးခဲ့တာ လို့ ပြန်တမ်းစာမှာတွေ့ရပါတယ်။ 

"အမိန့်ပြန်စာထဲမှာက တပ်ရင်းမှူးပါလာတော့ ခလရ ၂၃၅ တပ်က စစ်သားလို့ယူဆတာ၊ ထွက်လာတဲ့ စစ်ကြောင်းကလည်း ပခုက္ကူ တပ်မ ၁၀၁ ကထွက်လာတာဆိုတော့ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၃၅ တို့အကုန်ပါလာမှာကို။ အလောင်းမှာက အဝတ်အစားတွေပါတယ်၊ ဘောင်ဘီအတိုနဲ့ ခြေထောက်တဖက် ပြတ်နဲ့ သူတို့မြှုပ်ခဲ့ကြတော့ တပ်အဝတ်အစားမဟုတ်ဘဲနဲ့ အရပ်အဝတ်အစားဝတ်ပေးခဲ့တာ။" လို့ အလောင်းတွေ့ရှိခဲ့တဲ့အခြေအနေကို ဗိုလ်မြွေဟောက်က ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်မှာ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာကနေထွက်လာတဲ့ စစ်ကောင်စီကား အစီး ၂၀ နဲ့အတူပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဇန်နဝါရီ ၆ ရက်မှာ ကိုင်းချောင်းကွေ့တံတားအနီးမိုင်းရှင်းလင်းချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဗိုလ်မြွေဟောက်ကပြောပါတယ်။ 

“မိုင်းရှင်းလင်းရေးအဖွဲ့က ကိုင်းကျေးရွာရဲ့ ဆည်ရေလှောင်တမံနားမှာရောက်တဲ့အချိန် ကျနော်တို့ ထောင် ထားတဲ့ မိုင်းပွိုင့်ဆွဲလိုက်တဲ့အခါမှာ လက်တွေ့ကတော့ ၃ ကောင်သေပြီးတော့ ခြေပြတ်လက်ပြတ်တွေဖြစ်တယ်။ တချိန်တည်းမှာပါ လက်နက်ကြီးရော့ကတ်နဲ့ ၃ လုံးပစ်တာမှာ စစ်** ၁ ကောင်ထပ်သေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်၊ ဒီသတင်းကိုတော့ ဓါးစာခံအဖြစ်အဖမ်းခံရပြီး ပြန်လွတ်မြောက်လာသူ တွေဆီက သိရတာ။” လို့ သူကပြောပါတယ်။ 

ဒါ့ကြောင့် ခုတွေ့ရှိတဲ့ တပ်ကြပ်စိုးထိုက်ဦးဟာ ဇန်နဝါရီ ၆ ရက်ကမိုင်းဆွဲပစ်ခတ်မှုမှာထိမှန်ပြီးနောက် သေဆုံးခဲ့တာဖြစ်တယ်လို့ယူဆပြီး အလောင်းကိုတော့တွေ့ရှိတဲ့နေရာမှာပဲ မီးသင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ စစ်ကောင်စီကားတန်းဟာ ဒီမနက်ပိုင်းမှာတောာ့ မြိုင်မြို့ထဲကိုဝင်သွားတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်ကလည်း ပခုက္ကူမြို့ တပ်မ ၁၀၁၊ ခလရ ၂၅၁ နဲ့ ခလရ ၂၅၂ တပ်ထဲကို COBRA ONE Pakokku အဖွဲ့က ရော့ကတ် ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြိုင် #တပ်ကြပ်အလောင်း #သင်္ဂြိုဟ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10