နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု

နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ပြီးသား နိုင်ကျဉ်းတချို့နဲ့ ဖမ်းဆီးခံရသူတွေကို အကျဉ်းထောင်ကို မပို့ဘဲ စစ်ကြောင်းနဲ့ ထည့်ပေးတာတွေ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်က သေဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ ၄ ဦးထဲက အမျိုးသား ၃ ဦးကို ထောင်ကို မပို့ဘဲ စစ်ကြောင်းနဲ့ ထည့်လွှတ်ပေးလိုက်ပြီး ဇွန်လပိုင်းမှာ မော်လူးနယ်ဘက်ကနေ ဖမ်းဆီးခံထားရတဲ့ ပြည်သူတဦးလည်း အမှုစွဲချက်မတင်ဘဲ စစ်ကြောင်းထဲ ထည့်လိုက်တယ်လို့ ဆိုပါတယ်။

“သေဒဏ်ကျထားတဲ့ ၄ ယောက်မှာ အမျိုးသမီးကတော့ ကျန်ထားခဲ့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ စစ်ကြောင်းထဲ ပါသွားတယ်။ အဖမ်းခံရပြီး စစ်ကြောင်းထဲ ထည့်ပေးလိုက်တာတော့ရှိတယ်၊ ပြစ်ဒဏ်ကျပြီးမှ စစ်ကြောင်းထဲထည့်တာတော့ ဒါပထမဆုံးပဲ။ ဖမ်းခံရတာက အများကြီး၊ ထောင်ထဲရောက်တာက နည်းနည်းလေးရယ်” လို့ အင်းတော်ဒေသခံတဦး က ပြောပါတယ်။

နိုင်ကျဉ်းတွေနဲ့ ပြည်သူတချို့ကို ခမရ - ၄၁၆ စစ်ကြောင်းထဲ ပါသွားတယ်လို့ ကနဦး ကြားရပေမယ့် အတည်ပြုနေဆဲဖြစ်ပြီး အဆိုပါ စစ်ကြောင်းဟာ အခုလက်ရှိ ထီးချိုင့်မြို့နယ်ဘက်ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကြောင်းထိုးစဉ် ဖမ်းမိခဲ့တဲ့ ကျေးရွာပကဖ ရဲဘော် ၂ ဦးနဲ့ အင်းတော်ဂိတ်မှာ ဖမ်းမိတဲ့ KIA ရဲဘော်တဦးကို အင်းတော်စစ်တပ်ကုန်းနားမှာပဲ ပစ်ခတ်သတ်ဖြတ်လိုက်ပြီး စစ်ကြောရေးမှာ ရိုက်သတ်ခံရတဲ့သူတွေလည်း ရှိနေကာ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးငယ်တဦးလည်း ပျောက်ဆုံးနေတဲ့အတွက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“KIA တယောက်ရယ်၊ ပကဖ ၂ ယောက်ရယ်ကိုက တခါတည်း ရှင်းပစ်လိုက်တာ။ စစ်တပ်ကုန်းထဲမှာ ရိုက်ရင်း သေသွားတဲ့သူ တယောက်လည်းရှိတယ်။ ဖမ်းမိပြီး အဆက်သွယ်ပြတ်နေတဲ့ ရဲဘော်တွေလည်း ရှိတယ်။ အမျိုးသမီးတဦးလည်း သတ်ပစ်တာလိုလို ကြားနေရတယ်။ လုံးဝအစနပျောက်ပြီး သတင်းမရတော့ဘူး။”လို့ သူက ပြောပါတယ်။

ဩဂုတ် ၁၈ ရက်က အင်းတော်မြို့၊ ရေတွင်းကုန်းရပ်ကွက်က အောင်ကျော်ကျော်၊ ထီးချိုင့်မြို့က ကိုကျော်စွာဝင်း၊ မမြင့်မြင့်အေး၊ မြစ်ကြီးနား - မုံရွာ ခရီးသည်ယာဉ်မောင်း ကိုဇော်မျိုးထွန်းတို့ကို အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ က၊ ၅၂ က၊ ၅၂ ခ စတဲ့ ပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #စစ်ကောင်စီ #နိုင်ကျဉ်း #စစ်ကြောင်းထိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10