နိုင်ကျဉ်းအမှုတွေမှာ ရှေ့နေလိုက်ပေးသူရှားလာသလို ငွေများစွာပေးရလို့ ကိုယ်တိုင်တရားရင်ဆိုင်နေရသူတွေရှိ

နိုင်ကျဉ်းအမှုတွေမှာ ရှေ့နေလိုက်ပေးသူရှားလာသလို ငွေများစွာပေးရလို့ ကိုယ်တိုင်တရားရင်ဆိုင်နေရသူတွေရှိ

 
 
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံရပြီးတရားရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရတဲ့အခြေနေကို ရှေ့နေ့တဦးက ပြောဆိုလိုက်တာပါ။
 
နိုင်ငံရေးအမှုများ လိုက်ပါပေးလေ့ရှိတဲ့ ရှေ့နေများ ဖမ်းဆီးခံရတာ၊ ရှောင်တိမ်းနေရတာ၊ ခြိမ်းခြောက်ခံရတာတွေရှိလို့ တချို့ရှေ့နေတွေလည်း ပါဝါပြန်ရုပ်သွားတာတွေကြောင့် ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာ တရားခွင်မှာရှေ့နေမပါဘဲ ရင်ဆိုင်နေရပြီး ခုခံချေပပိုင်ခွင့် မရှိတဲ့အခြေအနေကို ရောက်နေတာလို့ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
"အရင်ကလည်း နိုင်ငံရေးအမှုတွေမှာ လိုက်ပါသူနည်းတယ်။ အဲမှာအဖမ်းခံရတာတွေလည်းရှိ၊ ရှောင်တိမ်းနေရသူတွေလည်းရှိတော့ လိုက်ပေးတဲ့ရှေ့နေရှားလာတာ။ အခုကတော့ မရှိသလောက်ဆိုတော့ ထောင်တွင်းတရားရုံးတွေမှာ ရှေ့နေမပါဘဲ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ ရှိလာတယ်။ ခုခံချေပပေးမယ့်သူမရှိဘူး။ စစ်ကောင်စီဘက်ကလည်း သူတို့ပြောချင်တာပြော ရေးမှတ်ထားတာပဲ လုပ်ချင်တာလုပ်ကြတာပါ" လို့ ရှေ့နေတဦးက ဆိုပါတယ်။
 
လက်ရှိအချိန်ကာလအတွင်း အစုအလိုက်အပြုံလိုက်ဖမ်းဆီးမှုနည်းပါးလာပေမယ့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့မှာ ထပ်တိုးအမှုတွေနဲ့ ရင်ဆိုင်နေရဆဲအမှုတွေရှိနေဆဲဖြစ်ပြီး လိုက်ပေးသူရှေ့နေတွေက ၁၅ သိန်းခန့်ကနေ သိန်း ၃၀ ခန့်အထိတောင်းကြတယ်လို့ သူကဆိုပါတယ်။
 
ဒါအပြင် "ကျနော်သိရသလောက်တော့ နိုင်ကျဉ်းတွေမှာ ထောင်ဝင်စာခက်ခဲရှားပါးလာတယ်။ တချို့လည်းနှစ်ကြာလာတော့ စီးပွားရေးမကောင်းလို့ လာပို့သူတွေနဲ့မျှစားကြတယ်။ တယောက်ဆို အခုထိ ဖမ်းဆီးထားပြီး အိမ်နဲ့အဆက်သွယ်မရလို့ ဘဝတူတွေက ကျွေးထားတာရှိတယ်။ ကျနော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ။" လို့ ပြည်အကျဉ်းထောင်ကနေ မကြာခင်ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ဆိုပါတယ်။
 
လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ နီးစပ်ရာလေးတွေ စုဆောင်းပြီး ထောင်ဝင်စာအဖြစ် စားစရာ၊ ဆေးဝါးတွေကို ပို့ပေးနေတဲ့ အလုပ်ကို လုပ်ဖြစ်နေတယ်လို့ သူကထပ်မံပြောပါတယ်။
 
ပြည်အကျဉ်းထောင်အတွင်း နောက်ပိုင်းတရားစွဲဆိုဖမ်းဆီးမှုများတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်သာ တရားစွဲဆိုနေပြီး လိုက်ပါဆဲအမှုတွေပြီးပြတ်သွားတဲ့ ရှေ့နေတွေအနေနဲ့ အခြားနိုင်ကျဉ်းအမှုတွေကိုလိုက်ပါပေးဖို့ ရှောင်ရှားလာကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10