နိုင်ငံရေးမှု ၁၀၀ ကျော်ကို လိုက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေအမျိုးသမီးကို အကြမ်းဖက်မှုနဲ့ ထောင် ၁၀ နှစ်ချ

နိုင်ငံရေးမှု ၁၀၀ ကျော်ကို လိုက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေအမျိုးသမီးကို အကြမ်းဖက်မှုနဲ့ ထောင် ၁၀ နှစ်ချ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြိုးဝေဝေမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည)နဲ့ ထောင် ၁၀ နှစ်ချလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူများဆီက သိရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်ထဲက နိုင်ငံရေးသမားများစွာရဲ့ အမှုပေါင်း ၁၀၀ ကျော်ကို ရှေ့နေလိုက်ပေးခဲ့တဲ့ ရှေ့နေတဦးဖြစ်ပြီး စစ်ကောင်စီရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူမကို ဇွန်လ ၈ ရက်က အမိန့်ချမှတ်လိုက်တာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က အကျဉ်းထောင်တွင်းရှိ အကျဉ်းသားတဦးအား ထောင်ဝင်စာပါဆယ် ပို့ဆောင်ရာမှာ အကျဉ်းထောင်က တားမြစ်ထားတဲ့ မသင်္ကာစရာပစ္စည်းတခု တွေ့ရှိတယ်ဆိုပြီး အထူးတရားရုံးရှိရာ အကျဉ်းထောင်ထဲမှာပဲ ဖမ်းဆီးလိုက်တာလို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

"သူ့ကိုဒကစ ကိုခေါ်သွားပြီး စစ်ဆေးတယ်။ နောက်တော့ အမှတ် ၁ ရဲစခန်းကို ပို့တယ်။ အဲ့ကနေ အကျဉ်းထောင်ကို ပို့တယ်။ တကယ်က သူ့ကို မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနဲ့ စွဲတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခြောက်လ ပြစ်ဒဏ်ချမှတ်ခံရပြီးလို့ ရက်ပြည့်သွားတာကို အခုလို ၅၀(ည)နဲ့ ထပ်စွဲပြီး ထောင်ထဲမှာပဲ အချုပ်သားအနေနဲ့ဆက်နေရတယ်။ အခုတော့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်ပေါ့။" လို့ ရှေ့နေအသိုင်းဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သူမဟာ အပျိုကြီးဘဝနဲ့ မိသားစုစားဝတ်နေရေးကို အဓိက ဦးဆောင်နေရသူဖြစ်ပြီး အချုပ်ခန်းကနေ ထောင်ကိုပြောင်းရွှေ့ချိန်မှာ မိသားစုနဲ့ မိနစ်ပိုင်းလောက်သာ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေတွေက ပြောဆိုကြပါတယ်။

"သူ့ကိုသာမန်ထားတာမျိုး မဟုတ်ဘဲ၊ တိုက်ထဲမှာထားတာ။ တိုက်ပိတ်ထားတာမျိုးဖြစ်နေတယ်ပေါ့။ နဂိုကတည်းကလည်း နှလုံးရယ်၊ ကျောက်ကပ်ရယ်၊ ပန်ခရိယရယ် အဲဒီရောဂါသုံးမျိုးရှိတော့ ကျန်းမာရေးကတော့ အရမ်းမကောင်းဘူး။ လူကလည်း အဝလွန်ထားတဲ့ အခြေအနေရှိတော့ ကျန်းမာရေးတော့မကောင်းဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရတဲ့ အခြေအနေမှာရှိနေတယ်။" လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလို ရှေ့နေတဦးဖမ်းဆီးထောင်ချခံရမှုမှာ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးသမားအများစု ထိခိုက်နစ်နာမှုတွေရှိနေသလို နိုင်ငံရေးသမားတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေလည်း ရှားပါးလာတယ်လို့ နိုင်/ကျဉ်း မိသားစုတွေက ပြောကြပါတယ်။

ဒေါ်ဖြိုးဝေဝေမြင့် ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေ၊  မိသားစုနဲ့ အဆက်သွယ်ရတာရှိမရှိတို့ကို မေးမြန်းနိုင်ဖို့အတွက် မြေလတ်အသံသတင်းဌာနအနေနဲ့ မိသားစုကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

သူမဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင် ယခင် အစိုးရလက်ထက်တွေကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးသမားတွေ၊ လယ်သမားအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မြေယာသိမ်းဆည်းခံလယ်သမားအမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦး ဖြစ်ပါတယ်။

 

ပုံစာ - တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြိုးဝေဝေမြင့်။

 

စာတည်း -နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

 

#ပဲခူးတိုင်း #ပြည် #နိုင်ကျဉ်း #ရှေ့နေ #မတရားမှု #ဖမ်းဆီးထိန်းသိမ်း #အကျဉ်းထောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10