“နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်‌ဆိုတာနဲ့တင် ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရတယ်” (အင်တာဗျူး)

“နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်‌ဆိုတာနဲ့တင် ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရတယ်” (အင်တာဗျူး)

ကလေးမြို့အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို ခွဲခြားဆက်ဆံတာ ဖိနှိပ်ချုပ်ချယ်တာတွေကို စုံစမ်းအတည်ပြုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က “အသက်နဲ့ဆပ်နေရတဲ့ ထောင်ခန်းခကြွေး” ခေါင်းစဥ်နဲ့ ထုတ်ပြန်ချက် ၁ ခုကို ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 

“ကလေးအကျဉ်းထောင်ရဲ့ 5 Star အဆင့် Hotel ထက်မြင့်တဲ့ ထောင်ခန်းခစျေးနှုန်းများ” ဆိုတဲ့ ခေါင်းစဥ်လည်းပါဝင်တဲ့ ထုတ်ပြန်ချက်ထဲမှာ ကလေးအကျဉ်းထောင်ရဲ့ ထောင်ပိုင် အောင်မိုးဝင်း အပါအဝင် ထောင်ဝန်ထမ်းတချို့ရဲ့ အကျဉ်းသားအချင်းချင်းဖိနှိပ်မှုတွေ၊ တရားမဝင်အခန်းခတောင်းခံတာတွေ စတဲ့ ထောင်တွင်း ဖိနှိပ်မှုတွေအကြောင်းကို ထည့်သွင်းဖော်ပြထားပါတယ်။

ဒီအခြေအနေတွေကိုသိရဖို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး။ ။ကလေးအကျဉ်းထောင်တွင်းမှာ ဖိနှိပ်ခံနေရတာနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။အကျဉ်းထောင်ထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင် အားလုံးဟာ ပြုပြင်ပြောင်းလဲရေးပေါ့နော်၊ စိတ်ဓာတ်ပိုင်း‌ဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ့်အစား နိုင်ငံရေးအကျဉ်းအသားတွေကို ဖိနှိပ်ဖို့အတွက် စနစ်တကျ တည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ရေး ယန္တရားတွေ ဖြစ်လာတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖိနှိပ်မှုမျိုးစုံကို ပြုလုပ်လာတယ်။ 

အခု ဖိနှိပ်မှုထဲမှာပဲ ခွဲခြားဆက်ဆံပြီးမှ အခြားရာဇဝတ်အကျဉ်းသားတွေကို ရာထူး၊ အာဏာတွေပေးပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်ခိုင်းတာမျိုးကနေတဆင့်လည်း နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝှိုက်သောနည်းဖြင့် ဖိနှိပ်အုပ်ချုပ်နေတာတွေရှိတယ်။ ကျနော်တို့ စုံစမ်းနေတဲ့ အတောအတွင်းမှာပဲ ကလေးအကျဉ်းထောင်မှာ အခြားရာဇဝတ်အကျဉ်းသားတွေကို အခန်းသူကြီးတို့၊ စည်းကမ်းထိန်းတို့၊ ပြီးတော့ ထောင်ကိုအုပ်ချုပ်ရတဲ့ တန်းစီးချုပ်ရာထူးတွေ ပေးပြီးမှ အကျဉ်းထောင်ကို ငြိပ်ဝပ်ပိပြားအောင် အကျဉ်းသားအချင်းချင်း ခွဲခြားပြီးမှ အုပ်ချုပ်ခိုင်းတာမျိုးတွေ လုပ်နေပါတယ်။

 

မေး။ ။အခန်းခတွေ တရားမဝင်ကောက်နေတယ်လို့ သိထားရပါတယ်။ ဘယ်ချိန်ကတည်းကစပြီး ပေးနေရတာလဲ။ ပမာဏဘယ်လောက်ကနေ စပေးရပြီး အခုဆို ဘယ်လောက်ထိ ပေးနေရပြီလဲ။

ဖြေ။ ။အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော် ၂၀၂၁ အကုန်၊ ၂၀၂၂ အစလောက်မှာကတည်းကတော့ ငွေကြေးကောက်ခံမှုတွေ လုပ်လာတယ်ဆိုတာကို သိရှိရတယ်။ ဒါပေမဲ့ ၂၀၂၄ ထဲမှာတော့ ငွေကြေးကောက်ခံမှုတွေ ပိုပြီးတော့များလာတာရယ်၊ သိသိသာသာပေါ့နော်။ မပေးနိုင်တဲ့သူတွေကို ခြိမ်းခြောက်ပြောဆိုလာတာဖြစ်တဲ့အတွက် ကျနော်တို့ အခုလိုမျိုး ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားရော၊ အခြားရာဇဝတ်အကျဉ်းသားတွေ အားလုံးကိုပေါ့နော်၊ ငွေကြေးပေးနိုင်တဲ့သူ အကျဉ်းထောင်ထဲမှာ သက်သာချောင်ချိစွာ နေထိုင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေကြေးကောက်ခံတာမျိုးတွေ လုပ်နေတယ်။ အနည်းဆုံး ၂ သောင်း၊ ၃ သောင်းကနေမှ ၂ သိန်း၊ ၃ သိန်းလောက်ထိကို ကောက်ခံတာမျိုးတွေ ရှိနေပါတယ်။

 

မေး။ ။ပေးနိုင်တဲ့သူနဲ့ မပေးနိုင်တဲ့သူတွေ နေထိုင်ရတဲ့ ကွာခြားချက်အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။အဲ့တော့ ပေးတဲ့သူနဲ့ မပေးတဲ့သူ ဘယ်လိုပုံစံကွာခြားသွားလဲဆိုတော့ ငွေကြေးတတ်နိုင်တဲ့သူက လေဝင်လေထွက်ကောင်းတဲ့ နေရာတွေ၊ ပြတင်းပေါက်ရဲ့ အနီးအနား၊ ဘုရားစင်ရဲ့ အနီးအနား စတဲ့နေရာတွေမှာ နေထိုင်ရပြီးမှ ပိုက်ဆံမပေးနိုင်တဲ့သူတွေကတော့ အနံ့အသက် ဆိုးဝါးတဲ့ အိမ်သာအနီးနားက နေရာတွေမှာ အိပ်ရတာမျိုးတွေ၊ လူဝင်လူထွက်များတဲ့ အိမ်သာကနေ အဆင်းအတက်များတဲ့အခါမှာ ရေတွေ၊ အိမ်သာ ရေစင်တာမျိုးတွေ၊ ပြီးတော့ ခြေထောက်ကနေ၊ ဖိနပ်ကနေပြီးမှ ပါလာတဲ့ အိမ်သာရေလိုမျိုးဟာတွေ၊ အိမ်သာအတက်အဆင်းနားမှာ အိပ်ရတဲ့ သူမျိုး စသလိုမျိုးပေါ့နော်၊ ငွေပေးနိုင်တဲ့သူနဲ့ မပေးနိုင်တဲ့သူကြားမှာတော့ ကွာဟမှုကို မြင်သာအောင် ပြောပြခြင်းဖြစ်ပါတယ်။ 

 

မေး။ ။အခန်းခ မပေးနိုင်ရင် အလုပ်ဖိပေးတယ်လို့လည်း သိထားရပါတယ်။ အကျဉ်းသား အေးချမ်းအောင် ကျဆုံးမှုကရော ဒါတွေနဲ့ သက်ဆိုင်နေမလား။

ဖြေ။ ။မပေးနိုင်တဲ့သူတွေကို ထင်းပေါက်ခိုင်းတာမျိုး၊ အလုပ်ကြမ်းတွေ ပင်ပန်းတဲ့အလုပ်တွေကို ခိုင်းတာမျိုးတွေကိုလည်း နိုင်ငံရေးအကျဉ်းသားရော၊ အခြားရာဇဝတ်အကျဉ်းသားရော ငွေကြေးမပေးနိုင်တဲ့သူကတော့ အကုန်လုပ်ရတယ်ပေါ့နော်။ ပေးနိုင်တဲ့သူ‌တွေကတော့ အခြားရာဇဝတ်အကျဉ်းသားဖြစ်ရင်တောင်မှ အလုပ်မလုပ်ရဘဲနဲ့ အကျဉ်းထောင်ထဲမှာ အေးဆေးသာယာစွာ အနားယူလို့ရတဲ့နေရာလေးဖြစ်အောင် ထောင်အာဏာပိုင်တွေက ဖန်တီးထားပေးတယ်။ 

 

မေး။ ။ပေးနိုင်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ။ ဥပမာ ငွေကြေးအရ ပြည့်စုံသူမျိုးတွေလား မပေးနိုင်တဲ့ သူတွေကရော ဘယ်လိုမျိုးလဲရှင့်။

ဖြေ။ ။တော်တော်များများပေါ့နော် နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားရာဇဝတ်အကျဉ်းသားတွေရော ပေးရတယ်။ အဲ့တော့ ကျနော်တို့ ရည်ရွယ်ချက်ကတော့ အကျဉ်းထောင်က ဖမ်းဆီးထားသမျှ အကျဉ်းသား အားလုံးအတွက် စားသောက်နေထိုင်ရေးကအစပေါ့နော်၊ အကျဉ်းသားအားလုံးကို ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားဆိုတာ မိမိရဲ့ ကိုယ်ကျိုးစီးပွားအတွက် ရာဇဝတ်မှုတွေကို ပြုလုပ်ရင်းနဲ့ ဖမ်းဆီးခံရတဲ့သူတွေ မဟုတ်ဘူး၊ ဒါကြောင့်မလို့ မတရား ဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေအနေနဲ့ ပိုပြီးမှတောင်မှ တာဝန်ယူမှုအပြည့်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အခုလိုမျိုး ငွေကြေးကောက်ခံနေတာမျိုးဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်သလို လုံးဝကို အကျဉ်းသားအခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေခြင်းလို့ ကျနော်တို့အနေနဲ့ ထောက်ပြချင်ပါတယ်ဗျ။

 

မေး။ ။အကျဉ်းသားတွေထဲမှာ ပေးနိုင်တဲ့သူတွေ များလား။ မပေးနိုင်ဘဲ အခက်အခဲဖြစ်နေရတာတွေ များလား။ မပေးနိုင်တဲ့ အရေအတွက်က ဘယ်လောက်များလဲ။

ဖြေ။ ။မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေးသော်လည်းကောင်း၊ လူကုန်ကူးမှုတို့၊ ဒီလိုပုဒ်မတွေကတော့ ထောင်ထဲမှာ သူတို့ ငွေကြေးပေးနိုင်တဲ့အတွက် အေးဆေးသက်သာစွာ နေထိုင်ရတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းချသူ အဲ့ဒီလိုမျိုး အမှုတွေကတော့ ထောင်ထဲမှာ သက်တောင့်သက်သာစွာ နေနိုင်တယ်။ ပိုက်ဆံလည်း ပေးနိုင်ကြတယ်ပေါ့နော်။ ပြီးတော့မှ လူသတ်မှုကို ဆိုးဆိုးရွားရွား လူသတ်ထားတဲ့သူတွေဆိုရင်လည်း သူတို့က ထောင်ထဲမှာ အရာရှိအကျဉ်းသား ပြန်ဖြစ်တဲ့အတွက် ငွေဝင်တယ်။ ဒါကြောင့်မို့လို့ ပေးနိုင်ကြတယ်။ အများအားဖြင့် မပေးနိုင်တဲ့ သူတွေကတော့ ခိုးမှုတို့၊ မှောင်ရိပ်ခိုမှုတို့ တခြားပေါ့နော်။ ရိုက်မှု၊ ရိုက်မှုတောင်မှ ခဏပဲကျတဲ့သူကတော့ ထောင်ထဲမှာ ခက်ခက်ခဲခဲ မတွေ့ရအောင်လို့ မိဘတွေက ပိုက်ဆံပေးနိုင်သေးတယ်ပေါ့လေ။ အဲ့တော့ အများအားဖြင့် ခိုးမှုတွေ၊ ဒီနယ်စပ်ဖြတ်ကျော်ကိစ္စတွေ၊ ကျနော်တို့အမှုတွေကို အကုန်လုံးပြောရင်လည်း ထောင်ထဲမှာ လူက အများကြီးဆိုတော့လေ အဆင်ပြေမှာ မဟုတ်ဘူး။ ခွဲခြားဆက်ဆံမှုလည်း မဖြစ်စေချင်ဘူးပေါ့နော်။ ကျနော်ကိုယ်တိုင်လည်း မလုပ်ချင်ဘူး။

ငွေများများဝင်တဲ့ လုပ်ငန်းတွေပေါ့ ရာဇဝတ်မှုတွေကို လုပ်ခဲ့ပြီးမှ ထောင်ကျလာတဲ့သူတွေ အနေနဲ့တော့ ပေးနိုင်ကြတယ်။ ပုံမှန် အကျဉ်းသားရော၊ နိုင်ငံရေး အကျဉ်းသားတွေ ‌အနေနဲ့တော့ လက်ရှိကာလ အထွေထွေအကျပ်အတည်းကြားထဲမှာ ငွေမပေးနိုင်ဘူးပေါ့နော်။ အဲ့တော့ ပေးနိုင်တဲ့အရေအတွက်ကတော့ ၃ ပုံ ပုံရင် ၁ ပုံလောက်ပဲ ရှိတယ်ပေါ့နော်။ ကျန်တဲ့ ၂ ပုံကတော့ မပေးနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှာမှ ၁ ပုံက ငွေမပေးနိုင်သော်ငြားလည်းပဲ ထောင်အာဏာပိုင်တွေအကြိုက် လိုက်ပါလုပ်ဆောင်နေတဲ့အခါမျိုး ဖြစ်တဲ့အတွက် ကျန်တဲ့ ၁ ပုံပေါ့နော်။ အဲ့ ၁ ပုံက ဘယ်သူတွေများလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ‌စောနပြောတဲ့ ခိုးမှုတွေများတယ်။ အဲလိုလူတွေကတော့ အခက်အခဲများစွာနဲ့ နေထိုင်နေကြရတယ်လို့ ပြောလို့ရပါတယ်။ အများအားဖြင့် ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ ပိုပြီး အခက်အခဲကြုံကြရတယ်ပေါ့နော်။ 

နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားမှာလည်း နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်‌ဆိုတာနဲ့တင် ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရတယ်။ အခန့်မသင့်ရင် အခြားရာဇဝတ်အကျဉ်းသားတွေနဲ့ ခွဲခြားအုပ်ချုပ်တာဖြစ်တဲ့အတွက် ပဋိပက္ခတွေ ဖြစ်တဲ့အထိပါ ဖြစ်လေ့ရှိတယ်။

 

မေး။ ။အခန်းခပဲလား၊ အခြားကိစ္စတွေမှာ ငွေကြေး စိုက်ထုတ်ပေးရတာမျိုးတွေရော ရှိလားရှင့်။

ဖြေ။ ။အခန်းခအပြင် ထောင်ထဲမှာတော့ လက်ရှိမှာ မိမိရဲ့ထောင်တံခါးကို ခတ်မယ့်သော့ကအစ ဝယ်ယူနေရတာဖြစ်တယ်။ သောက်သုံးရေ၊ ပြီးတော့ကျတော့ ဈေးဘားမှာ စားဖို့လည်း ဈေးဘားကနေ ဝယ်ရတယ်။ ပြီးတော့ တကိုယ်ရည်သုံးပစ္စည်း၊ ဒါတွေလည်း ဈေးဘားကနေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတယ်။ 

အဆုံးအစွန်ဆုံး ပြောရမယ်ဆိုရင်တော့ မိမိချိုးမယ့် ရေကအစ အကျဉ်းသားတွေအားလုံး ပိုက်ဆံစုပြီးမှ အဝီစိတွင်းတွေ တူးရတာမျိုးတွေ လုပ်ရတာမျိုးတွေရှိတယ်။ ပြီးတော့ ထောင်တွင်းကိစ္စ တခုခုဖြစ်ပြီဆိုလို့ရှိရင် အကျဉ်းသားတွေဆီက ပိုက်ဆံကောက်ပြီးမှပဲ ဖြေရှင်းနေကြတာပေါ့နော်။ တကယ်တော့ ထောင်အာဏာပိုင်တွေဟာ စစ်ကောင်စီကို စာရင်းတင်ပြီးမှ ငွေတောင်းခံတာမျိုးတွေလည်း တဖက်ကလုပ်နေသလို တဖက်ကလည်း ငွေတောင်းခံမှု ငွေမကျလာခင်မှာ အကျဉ်းသားတွေရဲ့ပိုက်ဆံနဲ့ပဲ လုပ်ငန်းတွေ အောင်မြင်အောင်လို့၊ အကောင်အထည် ဖော်နိုင်အောင်လို့ အကျဉ်းသားတွေဆီကနေ ပိုက်ဆံတောင်းခံတာမျိုးတွေအထိ တွေ့ရပါတယ်။

 

မေး။ ။အကျဉ်းသားတွေကို ဒီ‌လို ငွေကြေးတောင်းတာက တရားဝင်လား၊ ထောင်ပိုင်က ဒီတိုင်း ခွင့်ပြုပေးထားတာလား။ ဘယ်လိုထင်ပါသလဲ။ 

ဖြေ။ ။ငွေကြေးကောက်ခံမှုတွေကတော့ အကျဉ်းသားတွေ ကိုယ်တိုင်ကပေါ့နော်၊ သာရေးအတွက် သို့မဟုတ် နာရေးအတွက် ဆန္ဒရှိလို့ လုပ်ဆောင်ရင်တော့တမျိုး။ အဲ့လိုမဟုတ်ဘဲနဲ့ ထောင်အာဏာပိုင်တွေရဲ့ အမိန့်အရသော်လည်းကောင်း၊ အဆောင်မှူးတွေရဲ့ အမိန့်အရသော်လည်းကောင်း ပေးဆောင်နေရခြင်းပေါ့နော်၊ ငွေကြေးရှိမှန်းမသိ၊ မရှိမှန်းမသိဘဲနဲ့ မတရား ကောက်ခံနေတာတွေကတော့ လုံးဝ တရားမဝင်ဘူးလို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။ နောက်တခုက ထောင်ထဲမှာ စီးပွားရှာနေတဲ့ ထောင်ဝန်ထမ်းတွေအနေနဲ့ ဒီလို လုပ်ရပ်တွေဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ 

အထွေထွေအချက်လေးတွေကြောင့်မို့လို့ အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားရဲ့ မိသားစု‌ဝင်တွေ ပြင်ပမှာ ကျန်နေခဲ့တဲ့ မိသားစုဝင်တွေဟာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ အခုလိုမျိုး မတရားငွေကြေးကောက်ခံနေခြင်းဟာ မိဘပြည်သူတွေရဲ့ အပူတွေနဲ့ မျက်ရည်စတွေကို မတရားသဖြင့် စားသုံးနေခြင်းလို့ပဲ ကျနော်တို့က မြင်ပါတယ်။ နောက်တခုက ဒါ တရားလုံးဝကိုမဝင်တဲ့ကိစ္စပေါ့နော်။ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့လည်း ကျနော်တို့အနေနဲ့တော့ ပြောချင်ပါတယ်ခင်ဗျ။

 

မေး။ ။ "မင်းတို့တွေ စစ်တပ်နဲ့တရားသူကြီးတွေကို သုံးလေးဆယ် ပေးရတုန်းက အသံမထွက်ဘူး။ အခု ငါတို့ကို နှစ်သိန်း သုံးသိန်းပေးရတော့မှ အသံလာမထွက်နဲ့'' ဆိုတဲ့ ဒီပြောစကားကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်၊ ဒီအကြောင်းလေး ရှင်းပြပေးပါဦး။

ဖြေ။ ။ထောင်ပိုင် အောင်မိုးဝင်း ပြောတဲ့ ကုတ်ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဘယ်ကရတယ်ဆိုတာ ပြောဖို့ မရှိပါဘူး။ သို့သော်လည်းပဲ အဖွဲ့အစည်းအနေနဲ့တော့ စနစ်တကျရရှိခဲ့တဲ့ ကုတ်တခုဖြစ်တဲ့အတွက် သုံးမယ်ဆို ရင် အသုံးပြုနိုင်တယ်လို့ ကျနော်တို့အနေနဲ့တော့ ပြောချင်ပါတယ်။

 

မေး။ ။သားသမီးတွေ အကျဉ်းကျတာက တကြောင်း၊ ၁ လကို ၂ သိန်း၊ ၃ သိန်းပေးရမယ်ဆိုတာက တကြောင်းနဲ့ တပူပေါ် တပူဆင့်ပြီး သားသမီးတွေ ဘေးကင်းဖို့ နိုင်ကျဉ်းမိသားစုတွေရဲ့ စိုးရိမ်မှုအခြေအနေ၊ ငွေကြေးပေးနိုင်ဖို့ မတတ်နိုင်တဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။မိဘပြည်သူတွေဟာ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တယ်။ စားသောက်ကုန်တွေကလည်း အစစအရာရာဈေးကြီးနေပြီးမှ မြန်မာကျပ်ငွေတန်ဖိုး အင်မတန်ကျဆင်းလာတဲ့အပေါ်မှာ အခုလိုမျိုး ၁ လ ၁ ကြိမ် ပါဆယ်ပို့နိုင်ဖို့တောင် မတရားခက်ခဲမှုကြားထဲကနေကိုမှ အကောင်းဆုံး ကြိုးစားရုန်းကန်နေရတဲ့ မိသားစုဝင်တွေကို ပိုပြီးမှ ပူပန်အောင်လို့ လည်ပင်းကို ညှစ်နေတဲ့သဘောလို့ ကျနော်တို့ မြင်တယ်။ 

၁ လ ၁ ကြိမ် ပါဆယ်ပို့နိုင်ဖို့ အရင်တုန်းက ကြိုးစားနိုင်တဲ့ မိသားစုဝင်တွေတောင်မှ အခုချိန်မှာ ၃ လ ၁ ကြိမ် ပါဆယ်ပို့နိုင်ဖို့ မနည်းကြိုးစားရုန်းကန်နေရချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ အခုလိုမျိုး မတရားသော ငွေကြေးတွေပေါ့နော်၊ မတရားသဖြင့်ကောက်ခံနေတဲ့ ကိစ္စတွေဟာ အကျဉ်းထောင်မှာ မဟုတ်ဘဲနဲ့ အကျယ်ထောင်မှာရှိနေတဲ့ မိသားစုဝင်တွေကိုပါ ထပ်မံ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပင်ပန်းမှုတွေ ဖြစ်ဖို့ ပြုလုပ်နေခြင်းလို့ ပြောချင်ပါတယ်ခင်ဗျ။

 

မေး။ ။ထောင်တွင်းဖိနှိပ်မှုတွေကို စစ်ဆေးအတည်ပြုပြီးမှ ထုတ်ပြန်တယ်လို့ သိရပါတယ်။ ဒါတွေကို ဘယ်ကတည်းက စသိနေရတာလဲ။ ကြားထဲမှာ ဘယ်လိုမျိုး စစ်ဆေးအတည်ပြုခဲ့လည်း သိချင်ပါတယ်ရှင့်။

ဖြေ။ ။အဖွဲ့က နိုင်ငံ‌ရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ပါပါတယ်။ ကျနော်တို့ အကျဉ်းထောင်တခုချင်းစီတိုင်းကို ကျနော်တို့ အဖွဲ့အစည်းဟာ စောင့်ကြည့်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ အတည်ပြုပြီးမှ ထုတ်ပြန်သင့်တာကို ထုတ်ပြန်ခြင်းကို စနစ်တကျ လုပ်ဆောင်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ Source ၁ ခု ရပြီဆိုကတည်းက အသံ ၁ ခုတည်းကို နားထောင်တာ မဟုတ်ဘဲနဲ့ အကျဉ်းဦးစီးဌာနရဲ့ အတွင်းပိုင်းထဲက အခြေအနေတွေ၊ အကျဉ်းထောင်ရဲ့ အခြေအနေတွေ၊ ပြီးတော့ မိသားစုဝင်တွေရဲ့ အခြေအနေတွေပေါ့၊ တခြား ကျနော်တို့ ဖော်ပြဖို့ အခုချိန်ထိမဖော်ပြဖို့ ရည်ရွယ်ထားသေးတဲ့ တခြားလမ်းကြောင်းတွေကနေတဆင့် ဘက်ပေါင်းစုံကနေ ချိန်ထိုးပြီးမှ တူညီတဲ့အချက်တွေကိုပဲ ယူပြီးမှ ကျနော်တို့ ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်မှုတွေဟာ ရန်သူလို့ ကျနော်တို့ကို သတ်မှတ်ထားတဲ့ အကျဉ်းဦးစီး၊ ပြီးတော့ စစ်ကောင်စီကိုယ်တိုင်ကအစ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို အရေးတယူလုပ်ဆောင်ပြီးမှ ပြန်လည်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ကျနော်တို့တွေဟာ မဟုတ်မမှန်သော သတင်းနဲ့ ဝါဒဖြန့်အကြောင်းအရာတွေကို ဘယ်တော့မှ ထုတ်ပြန်ခဲ့တာတွေ မရှိဘူးပေါ့နော်။ အဲ့တော့ ဒီအဖွဲ့ ၁ နှစ်ခွဲဝန်းကျင်အတွင်းမှာ စစ်ကောင်စီကိုယ်တိုင်ကအစ ကျနော်တို့ကို မလေးစားရင်နေပါစေ အထင်မသေးရဲရအောင်လောက်ထိကိုမှ အဖွဲ့အစည်းဟာ သတင်းအချက် မှန်ကန်မှုကို စနစ်တကျ စစ်ဆေးအတည်ပြုပြီးမှပဲ ထုတ်ပြန်တာဖြစ်တဲ့အတွက် အဖွဲ့အစည်းအနေနဲ့ပဲ အာမခံနိုင်တယ်ပေါ့နော်။ ဘယ်လိုလမ်းကြောင်းတွေနဲ့ လုပ်တယ်ဆိုတာမျိုးတွေကတော့ ကျနော်တို့ အဖွဲ့အနေနဲ့ ပြောဖို့တော့ အစီစဉ်မရှိပါဘူးခင်ဗျ။

 

အင်တာဗျူး - မြတ်သော်တာ ၊ စာတည်း - JCG

 

#မြေလတ်အသံ

#ကလေး #အကျဉ်းထောင် #ထောင်အာဏာပိုင် #ခွဲခြားဆက်ဆံမှု #နိုင်ငံရေးအကျဉ်းသား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10