နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးပါ ၂ ဦးကို စစ်တပ်က ပစ်သတ်

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးပါ ၂ ဦးကို စစ်တပ်က ပစ်သတ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ လက်နက်နဲ့အတူဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး အပါအဝင် ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်တာကြောင့်  သေဆုံးသွားပြီလို့ မိသားစုတွေနဲ့နီးစပ်သူဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်မှာ မနိုဘယ်လ်အေးနဲ့ ကိုအောင်ကိုမင်းတို့ ၂ ဦးကို ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီးအပြန် ဝေါမြို့နယ်၊ ကျိုက်လတ်ရွာအနီး ကျိုက်လတ်ကွေ့မှာ ထွက်ပြေးလို့ဆိုကာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

"စကစ ဘက်ကအကြောင်းပြချက်ပေးတာက ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်ပေါ့။ အမှန်က ဘယ်နေရာဘယ်အချိန်မှာ ဘယ်လိုသတ်ခံလိုက်ရတယ်ဆိုတာ မသိရဘူး။ သေဆုံးတာကိုတော့ အတည်ပြုနိုင်ခဲ့ကြတယ်"လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

နိုဘယ်လ်အေးနဲ့ ကိုအောင်ကိုမင်း ဖမ်းဆီးခံရပြီး သိပ်မကြာခင် သေဆုံးသွားပြီးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ရာမှ သေဆုံးတာကို အတည်ပြုနိုင်ခဲ့ကြတာဖြစ်ပြီး အလောင်းတွေကိုတော့ ပြန်မရဘူးလို့ ဆိုပါတယ်။

နိုဘယ်လ်အေးနဲ့ ကိုအောင်ကိုမင်းဟာ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ ဟိုင်းလတ်ယာဥ်နဲ့လာစဥ် စစ်ကောင်စီဘက်က ဖမ်းဆီးတာကို ခံလိုက်ရပြီးနောက် ဘုရားကြီး စစ်ကြောရေးထဲမှာ ချုပ်နှောင်စစ်ဆေးခဲ့ပါတယ်။  

သူတို့ ၂ ဦးကို ဖမ်းဆီးရမိချိန်မှာ ကားပေါ်မှာ နနွင်းအိတ်တွေနဲ့ ဝှက်သယ်လာတဲ့ စနိုက်ပါ ၁ လက်၊ M16 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် ၄၂ နှစ်အထိ ကျခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသူတဦးဖြစ်ပါတယ်။ 

စာတည်း - လင်း

ပုံစာ- ၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းမှတ် စာတမ်းဆွေးနွေးပွဲ(၂၀၁၆ ခုနှစ်) တွင် မနိုဘယ်ဘ်အေး ကိုတွေ့ရစဉ် (ဓါတ်ပုံ-Aung Soe Minn)

 

#မြေလတ်အသံ

#ပဲခူး #ဝေါမြို့နယ် #မနိုဘယ်လ်အေး #ကိုအောင်ကိုမင်း #စစ်ကောင်စီပစ်သတ် #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10