နိုင်ငံရေးအကျဥ်းသားတွေကို ခဲယမ်းရိက္ခာတင်တဲ့ စစ်သင်္ဘောတွေနဲ့ရောပြီး ထောင်ပြောင်းရွှေ့

နိုင်ငံရေးအကျဥ်းသားတွေကို ခဲယမ်းရိက္ခာတင်တဲ့ စစ်သင်္ဘောတွေနဲ့ရောပြီး ထောင်ပြောင်းရွှေ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၁၀၀ ဝန်းကျင်ကို ခဲယမ်းရိက္ခာတင်တဲ့ စစ်သင်္ဘောတွေနဲ့အတူ ရေကြောင်းကနေ ထောင်ပြောင်းရွှေ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM ကတဆင့် သိရပါတယ်။

အကျဥ်းသား ၁၀၀ ဝန်းကျင်ထဲမှာ နိုင်ငံရေးအကျဥ်းသား ၅၀ ခန့်ပါဝင်ပြီး စက်တင်ဘာ ၂၁ ရက် မနေ့မနက် အစောပိုင်းမှာ မုံရွာမြို့၊ မြို့တော်ခန်းမကို ခေါ်ဆောင်သွားကာ ၉ နာရီဝန်းကျင်မှာတော့ မင်းဒေါင့်ဆိပ်ကမ်းကတဆင့် ထွက်ခွာသွားတာလို့ ဆိုပါတယ်။  

“မုံရွာအနေနဲ့ကတော့ (ရေကြောင်းကနေ ထောင်ပြောင်းရွှေ့တာ) ဒါပထမဦးဆုံးလို့ ပြောလို့ရတယ်။ မနေ့က စစ်သင်္ဘောတွေပါ ပါတယ်ပေါ့နော်။ နိုင်ငံရေးအကျဥ်းသားရော တခြားရာဇဝတ်အကျဥ်းသားအပြင်ကိုမှ သူတို့ရဲ့တခြားထောက်ပို့သွားရမယ့် ပစ္စည်းတွေရော သယ်ဆောင်လာတာကိုတော့ ကျနော်တို့ သတိထားမိတယ်။” လို့ PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသားအပါအဝင် အကျဥ်းသား ၁၀၀ ဝန်းကျင်ကို မြင်းခြံထောင်နဲ့ မကွေးထောင်ကို ပို့ဆောင်ဖို့များပြီး စစ်ကောင်စီက လူသားဒိုင်းအဖြစ် အကာကွယ်ယူကာ ပြောင်းရွှေ့နေတာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“စစ်ကောင်စီကတော့ ကုန်းကြောင်းကပဲ ပြောင်းပြောင်း ရေကြောင်းကပဲ ပြောင်းပြောင်း၊ လူသားဒိုင်း ပုံစံနဲ့ လုပ်ပြီးတော့ သူတို့ပြောင်းနေတာတော့ တွေ့ရတယ်။ အခုပြောင်းသွားတဲ့ ရေကြောင်းဆိုလည်း နိုင်ငံရေး အကျဥ်းသားတွေကို လူသားဒိုင်းပုံစံအနေနဲ့ အသုံးပြုပြီးတော့ ပြောင်းနေတဲ့ပုံစံမျိုးလို့ပဲ ကျနော်တို့ကတော့ မြင်တယ်။”

အဆိုပါ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပါဝင်မှု ရှိမရှိကတော့ အတိအကျစုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလက်ရှိ ချင်းတွင်းမြစ်ကြောင်းမှာ စစ်ရေယာဥ် ၃ စီး၊ သစ်တွေတင်ဆောင်လာတဲ့ ဖလပ် ၅ စီး၊ မိုးကာအုပ်ထားတဲ့ ဖလပ် ၆ စီး၊ ကရိန်းစက်တွေ တင်ဆောင်လာတဲ့ ဖလပ် ၂ စီး၊ ကြေးနီတင်ဆောင်လာတဲ့ ဖလပ် ၅ စီး  စုစုပေါင်း ၂၁ စီးက မြစ်ကြောင်းအတိုင်း စုန်ဆင်းနေပြီး Mi 35 တစီးကလည်း လုံခြုံရေးယူပေးနေတယ်လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ချင်းတွင်းမြစ်ကြောင်းအတွင်းမှ စစ်ကောင်စီရေယာဉ်များနှင့် လုံခြုံရေးယူပေးနေသည့် Mi 35 အားတွေ့ရစဉ်။ (ဓါတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #အကျဥ်းထောင်ပြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10