နေပူတောင်ကို ရောင်းစားဖို့ ကြိုးစားလာပြန်တဲ့ စစ်ကောင်စီ

နေပူတောင်ကို ရောင်းစားဖို့ ကြိုးစားလာပြန်တဲ့ စစ်ကောင်စီ

အဝေးကလှမ်းမျှော်ကြည့်လိုက်တာနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ထူထပ်ပြီး စိမ်းစိုလှပနေတဲ့ သစ်တောကြီးတွေကို မြင်တွေ့ရမှာပါ။ အဲဒီလို သစ်တောကြီးတွေရဲ့အမြင့်ကို ကျော်တက်ထိုးထွက်နေတဲ့ အဖြူရောင်သဏ္ဍာန်ရှိ ကျောက်တုံးကြီးတွေက ကောင်းကင်ကြီးအောက်မှာ ဂုဏ်သရေရှိရှိတင့်တယ်လှပစွာ တည်ရှိနေကြပါတယ်။ မြေပြန့်ကနေမို့ ထွက်နေတဲ့ တောင်တန်းကြီးတခုလုံးမှာလည်း သစ်ပင်တွေထက် ချွန်တက်နေတဲ့ကျောက်တုံးကြီးတွေက နေရာအပြည့်ယူထားကြပါတယ်။ အဲဒီကျောက်တုံးကြီးတွေကတော့ ရိုးရိုးသာမန် လမ်းခင်းတဲ့နေရာသုံး ကျောက်တုံးတွေမဟုတ်ပါ။ သူတို့က အေးမြတဲ့ ဓာတ်သဘာဝမျိုးရှိတာကြောင့် နေပူဒဏ်ခံရတဲ့နေရာတွေမှာ အလှဆင်ကျောက်ပြားတွေအဖြစ် အသုံးပြုသလို အိမ်အတွင်းအလှဆင် လုပ်ငန်းတွေကုန်ချောအဖြစ် အသုံးပြုလို့ရတဲ့ "မာဘယ်လ်"ကျောက်အမျိုးအစားပဲ ဖြစ်ပါတယ်။

အဲဒီလိုမျိုး ရှားပါးပြီးတန်ဖိုးရှိတဲ့ "မာဘယ်လ်" ကျောက်တုံးကြီးတွေနဲ့ ပြည့်နက်နေတဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့အနောက်ဖက်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာတည်ရှိတဲ့ "နေပူတောင်"မှာ ဖြစ်ပါတယ်။ နေပူတောင်မှာ တောင်ကုတ်မြို့နဲ့မိုင်၃၀လောက် ကွာဝေးတဲ့ တောင်ကုတ်-ပန်းတောင်ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။ ဒါ့အပြင် နေပူတောင်မှာ ရခိုင်ရိုးမတောင်တန်းကြီးနဲ့ ဆက်စပ်သွယ်တန်းနေတဲ့ တောင်ကြီးတခုလည်း ဖြစ်ပါတယ်။

နေပူတောင် စီမံကိန်းနဲ့ လူထုလှုပ်ရှားခဲ့မှု

ဦးသိန်းစိန် အစိုးလက်ထက် ၂၀၁၂ ခုနှစ်မှာ ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ နေပူတောင်မှအလှဆင် မာဘယ်လ်ကျောက် ထုတ်လုန်နိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံက Simco Song Da Joint Stock Com pany နဲ့သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အဲဒီတောင်ကနေပြီးတော့ မာဘယ်လ်ကျောက်ကို ၂၀၁၂ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အထိ အနှစ်၂၀ ကြာထုတ်ယူကြမှာ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာမှာလည်း ဧက ၆၀၀ ကျော် ကျယ်ဝန်းပါတယ်။ထုတ်ယူတဲ့အခါမှာလည်း အကျိုးအမြတ်တွေကို နိုင်ငံတော်က ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ်ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ခွဲဝေယူရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရတဲ့ အမြတ် ၅၀ ရာခိုင်နှုန်းထဲကနေပြီးတော့မှဘဲ ဒေသခံတွေအကျိုးအတွက် ၁၀ သို့မဟုတ် ၁၅ ရာခိုင်နှုန်း ခွဲဝေ ဆောင်ရွက်ပေးဖို့ ကုမ္ပဏီက သဘောတူထားတယ်လို့ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ သံယံဇာတလှုပ်ရှားတဲ့အဖွဲ့အစည်းတွေဆီက သိရှိရပါတယ်။

ရခိုင်လူထုတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြ

ဗီယက်နမ်နိုင်ငံမှ Simco Song Da Joint Stock Company အနေနဲ့ ၂၀၁၃ ခုနှစ်က စတင်ပြီးတော့ အဲဒီနေပူတောင်ပေါ်ကနေ မာဘယ်လ် အလှဆင်ကျောက်တွေကို တနှစ်လျှင် မက်ထရစ်တန်ချိန် ၇၈၅၀ အထိ ထုတ်ယူခဲ့ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တာနဲ့ ဒေသခံပြည်သူလူထု အတွက် အကျိုးစီးပွားမပါရှိတာတွေကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ်၊မြို့နယ်အသီးသီးက သယံဇာတလှုပ်ရှားသူတွေစုပေါင်းပြီးတော့ တောင်ကုတ်မြို့ပေါ်ကိုသွားရောက်ကာ မြို့ခံတွေနဲ့အတူ အဲဒီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှာ စီမံကိန်းတခုလုံးကို ရပ်နားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီအနေနဲ့ ကျောက်ထုတ်လုပ်မှုကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၅ နှစ်တာလုံးလုံးထုတ်ယူခဲ့တယ်လို့ သယံဇာတအရေး လှုပ်ရှားခဲ့သူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်က နေပူတောင်လိုစီမံကိန်းမှာ ကျောက်တုံးတွေကို ထုတ်ပြီးတော့ ထုခွဲရောင်းချရမယ့် သံယံဇာတမဟုတ်ဘဲ ခရီးသွားလုပ်ငန်းတွေဖွင့်ကာ ကမ္ဘာလှည့်ခရီးသွားတွေကို ပြစားပြီးတော့ ဒေါ်လာတွေ အများကြီးရှာလို့ရတဲ့ သံယံဇာတစီမံကိန်းဖြစ်တယ်လို့ ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာဦးထွန်းကြည်က ထောက်ပြပြောဆို လိုက်ပါတယ်။

"မာဘယ်လ်ကျောက်ဆိုတာက ကမ္ဘာမှာ လုံးဝရှားပါးတဲ့ သံယံဇာတဖြစ်တယ်။ တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် ဒီလိုနေရာတွေမှာ ခရီးသွားလုပ်ငန်းတွေ ဖွင့်ထားပြီးတော့ သူတို့က ကမ္ဘာကလာတဲ့ခရီးသွားတွေကို ပြစားတယ်ပေါ့။ မြန်မာပြည်မှာက ရခိုင်ရိုးမကြီးတခုလုံးကလည်း အာဏာရှင် အဆက်ဆက်နဲ့ သစ်မောင်ခိုသမားတွေပေါင်းပြီးတော့ ပြုန်းတီးလိုက်တာ တောင်တွေက ဂတုံးဖြစ်နေပြီ။ တောင်ကတုံးပေါ်မှာ ကျန်နေတဲ့ ဒီလောက်တန်ဖိုးရှိတဲ့ နှစ်ပေါင်းရာချီ ရှိနေတဲ့ သံယံဇာတကြီးကို ထုခွဲရောင်းချတယ် ဆိုတာကတော့ ဒီနိုင်ငံကို အုပ်ချုပ်တဲ့လူတွေရဲ့ ကပ်ပတ်ဆီတီပေါ့။ ရာဇဝင်ထဲက သူဌေးသားလို ဂျန်နရေးရှင်းတွေက ခွက်ဆွဲပြီးတော့ တောင်းစားရမလားလို့တောင် မေးရမယ့်အခြေအနေ ဖြစ်နေပါတယ်"လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်ရှေ့ပိုင်းနဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်း အခု၂၀၂၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူတွေအနေနဲ့ ပြည်သူလူထုရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိဖို့အတွက် ဦးစားပေးပြီးတော့ ပြုလုပ်ခဲ့တဲ့စီမံကိန်းမျိုး ဘာတခုမှ မတွေ့ရှိခဲ့ရဘူးလို့လည်း ဦးထွန်းကြည်က ဆက်ပြောပါတယ်။

"ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ အထွတ်အထိပ်ထားတဲ့ ရိုးမတောင်ပေါ်က အလှဆင်ကျောက်ကို ထုတ်မရောင်းဘဲနဲ့ ဒီတိုင်းထားပြီးတော့ နိုင်ငံတော်ဝင်တွေရလာအောင်၊ ဒေသခံပြည်သူတွေအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေရလာအောင် ကျနော်တို့ ဖက်က ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေအကုန်လုံးက သဲထဲရေသွန်ပဲ ဖြစ်ခဲ့တယ်။ ဘာမှ ဒေသခံ လူထုရဲ့အသံတွေ၊ ထိန်းသိမ်းထားတဲ့အခြေအနေတွေကို ဘယ်အစိုးရကမှ ဂရုမစိုက်ခဲ့ဘဲနဲ့ ဒီနှစ်လည်း ဆက်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုတာကို ဆက်သွားနေတာက ကျနော်တို့နိုင်ငံရဲ့ သာယာဖွံဖြိုးရေးအတွက် တော်တော်လည်း စိုးရိမ်ဖို့ကောင်းတဲ့အခြေအနေတရပ်ဘဲ ဖြစ်တယ်လို့မြင်တယ်" လို့ ဆိုပါတယ်။

၅ နှစ်လုံး ဖြိုဖျက်ခံလိုက်ရတဲ့ နေပူတောင်

၂၀၁၂ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ နေပူတောင်မှ အလှဆင် မာဘယ်လ်ကျောက် ထုတ်လုပ်မှုကို Simco Song Da Joint Stock Com panyက ၂၀၁၃ ခုနှစ်မှာစတင်ပြီးတော့ စက်ယန္တရားကြီးတွေနဲ့တောင်ကို ဖြိုဖျက်ကာ ကျောက်တုံးတွေကို ထုတ်ယူခဲ့ပါတယ်။ သစ်ပင်တွေထက် ကျောက်တုံးကြီးတွေသာ စိုးမိုးထားတဲ့ နေပူတောင်တန်းကြီးမှာ မြေပြင်၊ မြေသား အဖြစ် ပြောင်းလဲခဲ့ရပါတော့တယ်။ တောင်ဖြို စက်ယန္တရားကြီးတွေက ကောင်းကင်ကြီးအောက် ဂုဏ်ယူဝင့်ကြွားစွာတည်ရှိနေကြတဲ့ ကျောက်တုံးတွေကို သနားညာတာမှု ကင်းမဲ့စွာနဲ့ ဖြိုဖျက်လိုက်တာကြောင့် တောင်ကြီးမှာ ငိုယိုနေသရောင် ကျောက်တုံးသေးတွေက တဒိန်းဒိန်း တဒင်းဒင်းမြည်သံတွေနဲ့အတူ မြေကြီးအောက်ကို အဆက်မပြတ် လှိမ့်ကျခဲ့ရပါတော့ တယ်။ တောင်အောက်ရှိ မြေပြန့်နေရာတော်တော်များများမှာလည်း ဖြိုချခံထားရတဲ့ကျောက်တုံးတွေမှာ အသုံးပြုလို့ရနိုင်သလောက် အရွယ်အစားကို ထုခွဲပိုင်းဖြတ်ထားကာ သန့်သန့်ပြန့်ပြန့်နဲ့ စီတန်းနေကြ၏။

ဗီယက်နမ်ကုမ္ပဏီက နေပူတောင်တန်းကြီးကို စက်ယန္တရားကြီးတွေနဲ့ ဒီလိုဖြိုဖျက်ခဲ့တာဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၅ နှစ်တိတိ ဖြိုဖျက်ထုတ်ယူခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို ရက်ပြီးကြည့်မနေနိုင်တဲ့ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ သံယံဇာတလှုပ်ရှားသူတွေကလ၂၀၁၆ ခုနှစ်မှာ တောင်ကုတ်မြို့ခံတွေနဲ့ ပူးပေါင်းပြီးတော့ တနှစ်လုံးနီးပါးဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ်အရောက်မှာ တောင်ကြီးကို ဖြိုဖျက်နေတဲ့ စက်န္တရားကြီးတွေမှာရပ်တန့်သွားတော့လေ၏။ ဒါပေမဲ့လည်း ကုမ္ပဏီအနေနဲ့ မာဘယ်လ် အလှဆင်ကျောက်တွေကို တနှစ်လျှင် မက်ထရစ်တန်ချိန် ၇၈၅၀ အထိ ထုတ်ယူခဲ့တာပါတယ်။ ဒါကြောင့် ၅ နှစ်တိတိ ထုတ်ယူခံလိုက်ရတဲ့ မာဘယ်လ် အလှဆင်ကျောက်မှာ စုစုပေါင်း မက်ထရစ်တန်ချိန် ၃၉၂၅၀ အထိ ထုတ်ယူခံလိုက်ရပြီး ဖြစ်ပါတယ်။

"ဒီစီမံကိန်းဧက ၆၀၀ ကျော်လောက်ကိုသာ နှစ် ၂၀ လောက်ဆက်ပြီးတော့ ဖြိုဖျက်ထုတ်ယူလိုက်မယ်ဆိုရင်တော့ ရခိုင်ရိုးတောင်ကြီးတခုလုံးကလည်း သေချာတယ် အဲဒီနေပူတောင်ဝန်းကျင်တခုလုံးက ချောင်းကြီးဖြစ်ပြီးတော့ ပင်လယ်ကြီးတခုလိုဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်တယ်"လို့ ဦးထွန်းကြည် က သုံးသပ်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက ပြန်လည်ဖြိုဖျက်ရန် စီစဥ်နေ

ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ရပ်နားပေးခဲ့တဲ့ ဒီစီမံကိန်းတခုလုံးကို အခုအာဏာသိမ်းစစ်ကောင်စီက ပြန်လည်လှည်ပတ်နိုင်ရေးစီစဥ်နေပါတယ်။ အခု၂၀၂၂ ခုနှစ် နိုဝင်ဘာ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးရုံးက ထုတ်ပြန်တဲ့အမိန့်ကြော်ညာစာထဲမှာ နေပူတောင်ဒေသရှိ မာဘယ်လ်ကျောက် အကြီးစားထုတ်လုပ်မှုကို လုပ်ငန်းသဘောတူစာချုပ်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ် ၄ ဦး၊ ဗီယက်နမ်ကုမ္ပဏီက ကိုယ်စားလှယ် ၄ ဦးတို့ ပါဝင်တဲ့ ပူးတွဲစီမံခန့်ခွဲရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီလို့ ဆိုပါတယ်။

စီမံကိန်းအပေါ်ဒေသခံတွေရဲ့သဘောထား

နေပူတောင်တခုလုံးမှာရှိတဲ့ မာဘယ်လ်ကျောက်အမျိုးအစားမှာ အဖိုးမဖြတ်နိုင်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပြီး၊ ဒီလိုသဘာဝအရင်းအမြစ်ကို တခါသုံးအပြတ်ရှင်းစနစ်နဲ့ ရောင်းချတာက နိုင်ငံအတွက်လည်း မကောင်းသလို ဒေသခံပြည်သူလူထုအတွက်လည်း မကောင်းဖြစ်တာကြောင့် ဒီစီမံကိန်းတခုလုံးမှာ အစကတည်းကနေ အကောင်အထည်မဖော်သင့်တဲ့ စီမံကိန်းတခုသာ ဖြစ်တယ်လို့ (အမ်းမြို့ နယ် ဓာတ်ငွေ့ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့)မှ ဥက္ကဌ ကိုမျိုးလွင်က ပြောဆိုလိုက်ပါတယ်။

"ဒီစီမံကိန်းကို ပြန်လို့လှည်ပတ်ဖို့ လုပ်နေတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဘက်က သံယံဇာတအပေါ်မှာ မှီခီုလာရတယ်ဆိုတဲ့ အနေအထားမျိုးကို မီးမောင်းထိုးပြနေတယ်။ ဒီသံယံဇာတကို ရောင်းချမှသူတို့(စကစ)ရပ်တည်လို့ ရနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ဦးတည်နေတယ်လို့မြင်တယ်"လို့ဆိုပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းတခုလုံးမှာ ရခိုင်ပြည်သူတွေရဲ့ အကျိုးအမြတ်ခံစားခွင့်ကို တစုံတရာ မရတဲ့အပြင် ဒေသခံပြည်သူတွေက ရာသီဥတုရဲ့ ဆိုးကျိုးတွေကိုသာ ခံစားလာနိုင်စေတဲ့ စီမံကိန်းမျိုးသာ ဖြစ်တာကြောင့် ဒီလိုထိန်းသိမ်းထားသင့်တဲ့ ရခိုင်ကသံယံဇာတတွေကို တခါသုံးအဖြစ်နဲ့ရောင်းစားနေတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကိုမျိုးလွင်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရအဆက်ဆက်၊ ဒီမိုကရေစီအစိုးရ နှစ်ဆက်တလျှောက်လုံးမှာ ပြုလုပ်ခဲ့ကြတဲ့ ရခိုင်က သံယံဇာတဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံပြည်သူလူထူတွေရဲ့ အကျိုးစီးပွားတွေအတွက် မည်သည့်အခါမှ ဦးစားပေးလုပ်ဆောင်ခဲ့တာမရှိတာကြောင့် ရခိုင်ပြည်သူတွေမှာ မွဲတည်မြဲ မွဲတည်နေကြတုန်းပဲ ဖြစ်ပါတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ရင်းနှီးမြှုပ်နှံခဲ့ကာ အဲဒီထဲက Australia Woodside Energy နဲ့ French Tatal ရေနံကုမ္ပဏီတွေဟာ ရေနံရှာဖွေရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေပြီး အသစ်တွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေက ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေဆီ တင်ပို့ဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လက်မှတ်ထိုးသဘောထူထားတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)ရဲ့ အချက်အလက်အရ သိရပါတယ်။

"ရခိုင်ကနေ မာဘယ်လ်ကျောက်အပြင် တခြား သံယံဇာတထုတ်ယူနေတဲ့ စီမံကိန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ရခိုင်လူထုအတွက် ဒီနေ့အထိ ဘာအကျိုးခံစားခွင့်မှ မရှိခဲ့ဘူး။ မရှိတဲ့အတွက်လည်း ကျနော်တို့ရခိုင်ပြည်က လူငယ်၊ လူလတ်တွေအများစုက ပြည်ပကိုစွန့်ခွာနေရတဲ့ အခြေအနေကို ခံစားနေရတယ်။ ဒါအားလုံက ဒီသံယံဇာတထုတ်ယူမှုနဲ့ဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတည်မှုတွေပဲ။ ဒီလို ထုတ်ယူနေတာတွေကလည်း ရခိုင်ပြည်ရဲ့အနာဂတ်ကြီးတခုလုံးကို ဖျက်စီးနေတာနဲ့တူတယ်"လို့ ဆိုပါတယ်။

အခုလက်ရှိအခြေအနေမှာ စစ်တပ်က အာဏာသိမ်းထားတာကြောင့် စီမံကိန်းပြန်လည်ပြုလုပ်မယ့်ကိစ္စကို ဆန္ဒပြကန့်ကွက် တာတွေ မပြုလုပ်နိုင်ပေမယ့်လည်း တဦးတယောက်ချင်းစီရဲ့စိတ်ထဲကတော့ ဆန့်ကျင်ကန့်ကွက်နေမှာဖြစ်သလို နောက်နောင်တွေမှာလည်း စီမံကိန်းတာဝန်ရှိတဲ့သူတွေအနေနဲ့ ဒေသခံပြည် သူတွေရဲ့ ကြီးမားတဲ့ဆန့်ကျင်တာတွေကို ဆက်ပြီး ကြုံတွေ့နေရမှာဖြစ်တယ်လို့ ရခိုင့်သယံဇာတအရေး ဆောင်ရွက်သူတွေက သတိပေးပြောဆိုလိုက်ပါတယ်။

ဆောင်းပါးရှင် - အောင်စိုး

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10