နေပြည်တော်က လာစစ်ဆေးသွားပြီးနောက် အုတ်တွင်းမှာ လူဖမ်းတာပိုဆိုးလာပြီး သိန်းရာနဲ့ချီတောင်းနေ

နေပြည်တော်က လာစစ်ဆေးသွားပြီးနောက် အုတ်တွင်းမှာ လူဖမ်းတာပိုဆိုးလာပြီး သိန်းရာနဲ့ချီတောင်းနေ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေကို နေပြည်တော်ကဆင်းလာပြီး စစ်ဆေးခံခဲ့ရပြီးတဲ့နောက်မှာ လူဖမ်းဆီးတာတွေ ပိုဆိုးလာကာ ကျပ်သိန်းရာချီအထိ ငွေတောင်းခံလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ရဲ့ညွန်ကြားမှုနဲ့ ရဲနဲ့စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဥပဒေ အကြောင်းပြ နေအိမ်အထဲထိလူဝင်ဖမ်းတာ၊ လမ်းမှာဆိုင်ကယ်စစ်ဆေးပြီး လူဖမ်းဆီးတာတွေ အရင်ကထက် ပိုများပြားလာတယ်လို့ ဆိုပါတယ်။

"ခုက ပိုဖမ်းပြီး ပိုက်ဆံပိုတောင်းနေကြတယ်။ (သိန်း)ခုနှစ်ဆယ်(၇၀) အနိမ့်ဆုံးတောင်းတာ။ (သိန်း) ၁၀၀၊ ၁၂၀ ထိတောင်းတာ။ အရင်တုန်းက ၁၀ သိန်း၊ ၁၅ သိန်း၊ ၅ သိန်းလောက် သွားယူလိုက် အဲလိုမျိုး။ ခုက ၁၀ ဂဏန်းသွားပြောရင် ထရယ်လိမ့်မယ်။ မကိုက်ဘူးဆိုပြီး။" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

စစ်မှုထမ်းအတွက်ဖမ်းဆီးခံရပြီဆိုရင် စစ်သင်တန်းကျောင်းကို ပို့ဆောင်မခံရရေး ငွေကြေးမတတ်နိုင်တဲ့ အုတ်တွင်းဒေသခံတွေမှာ အိမ်နဲ့ခြံတွေပေါင်ပြီး ရတဲ့ငွေနဲ့ ရွေးထုတ်ရတဲ့အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းမှာ ကျွဲပွဲမြို့ အမှတ် ၁ ရပ်ကွက်၊ ကျင်ကြီး၊ ခင်ကြီးပိုင်း နေထိုင်သူတွေနဲ့ အုတ်ဖို၊ မြောင်ဦးကြီးကျေးရွာနေထိုင်သူ  ၅ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီတာခံခဲ့ရပြီး ကျပ်သိန်း ၇၀ ကနေ ၁၂၀ အကြား ငွေပေးခဲ့ရတယ်လို့ သိရပါတယ်။

အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင် ၁ ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင် ဦးတင်ယု၊ ကျွဲပွဲမြို့အုပ် ဦးအေးဟန်၊ မြေစီးကျေးရွာအုပ်ချုပ်ရေးမှူး မျိုးမြင့်၊ ကျွဲပွဲမြို့နယ်ထိန်းရဲ မျိုးလွင်တို့က ဦးဆောင်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းလောက်မှာ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့နဲ့ ကျွဲပွဲရဲစခန်းမှူး ကျော်ကျော်လွင်တို့ ပေါင်းပြီး စစ်မှုထမ်းအကြောင်းပြနဲ့ ဒေသခံတွေကို ငွေညှစ်ခဲ့မှုတွေကြောင့်  ဇူလိုင်လအတွင်းမှာပဲ ဗိုလ်မှူးမြင့်ဇော်၊ ဦးတင်ယုနဲ့ ကျော်ကျော်လွင်တို့ကို နေပြည်တော်က စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးခံရပြီးနောက် စခန်းမှူးကျော်ကျော်လွင်က ရေတာရှည်မြို့နယ်ဘက်က ရဲကင်းစခန်းတခုကို နယ်ပြောင်းခံရပြီး ဗိုလ်မှူးမြင့်ဇော်နဲ့ ဦးတင်ယုတို့က အရေးယူခံရတာမရှိခဲ့ဘဲ စစ်ဆေးခံရပြီးနောက် လအနည်းငယ်မှာ ဖမ်းဆီးမှုနည်းပါးသွားပေမယ့် လက်ရှိမှာ  သူတို့ဦးဆောင်ပြီး အဖမ်းအဆီးပြန်များလာသလို ငွေတောင်းလည်း ပိုကြမ်းလာတာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းအကြောင်းပြ အဖမ်းအဆီးများ ငွေညှစ်နေလို့ အုတ်တွင်းမြို့နယ်အတွင်းမှာ ည ၇ နာရီကျော်ရင် လမ်းသွားလမ်းလာတွေ မရှိသလောက်နည်းပါးသွားပြီး ပရဟိတအသင်းတွေကအစ လူနာကောက်၊ လူနာပို့လုပ်ငန်းတွေ မလုပ်ရဲကြတဲ့အခြေနေထိ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #စစ်တပ် #ဖမ်းဆီး #ငွေညှစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10