နေပြည်တော်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးဒဏ်ရာရ

နေပြည်တော်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးဒဏ်ရာရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေ၊ တပ်ကုန်းမြို့နယ်နဲ့ မကွေးတိုင်း၊မြို့သစ်မြို့နယ် အကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး ဒဏ်ရာရရှိတယ်လို့ အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု-OPRF အဖွဲ့ထံက သိရပါတယ်။ 

ဩဂုတ် ၂၀ ရက် မနေ့ နေ့လယ် ၁ နာရီအချိန်ခန့်‌က တပ်ကုန်းမြို့နယ်၊ ရွှေမကျီးကျေးရွာနဲ့ မြို့သစ်မြို့နယ်၊ ရိုးကူးကျေးရွာကြားမှာ ဆိုင်ကယ် ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ဒေသခံတွေဆီကနေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာပါ။  ဒီကောင်တွေ ဆိုင်ကယ်တွေထားခဲ့ပြီး ကာပစ် ပစ်ပြီး ထွက်ပြေးသွားတယ်။ ထိတွေ့မှုဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ ပြန်တာပါ" လို့ OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တဦးက  မြေလတ်အသံကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရခဲ့ကာ ၁ ဦးသေဆုံးနိုင်ဖွယ်ရှိပြီး စစ် ကောင်စီတပ်သားတွေထံက ၎င်းတို့စီးနင်းလာတဲ့ ဆိုင်ကယ် ၃ စီး၊ ၅.၅၆ မမ ကျည် ၂၅ တောင့်၊ ကျည်ဘောက်တခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အခုလဆန်းပိုင်းမှာလည်း ကရင်နီပြည်နယ်အစပ် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ဘိုးမသံတောင် စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ၄ ရက်အကြာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နေပြည်တော် #မကွေး #OPLF #စစ်ကောင်စီတပ် #ထိတွေ့တိုက်ပွဲ #ဖြစ်ပွားမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10