သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နေပြည်တော်နဲ့ ၄၅ မိုင်ခန့်အကွာမှာရှိတဲ့ ပျဉ်းမနားမြို့နယ်၊ ဘိုးမသံတောင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ နီးပါး သေဆုံးပြီး ကာကွယ်ရေးရဲဘော် ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ NTDF က တဆင့် သိရပါတယ်။
ဩဂုတ် ၁၀ ရက် မနက် ၇ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီဖက်က အရာရှိတဦးအပါအဝင် ၁၀ ဦးသေဆုံးကာ လက်နက် ၉ လက်၊ ကျည်ဘောက်၊ လက်ပစ်ဗုံးနဲ့ ကျည်တချို့ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာပဲ ဝေသာလီလမ်းမကြီးပေါ်မှာ စစ်ကူလာတဲ့ စစ်ကားကို ဖြတ်တိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ နန်းလွင်စန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ဆိပ်ဖူးတောင်ကို လူနာပို့လာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၁ ရက် မနက် ၇ နာရီခွဲမှာ ပျဉ်းမနားအခြေစိုက် ၈၅ တပ်ကနေ အင်အား ၃၀ လောက်နဲ့ ရဲဘော်တွေဆေးကုသရာ ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဘိုးမတဲစုရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၃ နာရီမှာ အဆိုပါတိုက်ပွဲကို စစ်ကူလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းနဲ့ တောင်မြင့်ရွာမနားမှာ ထိတွေ့မှုထပ်ဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဩဂုတ် ၁၃ ရက်မှာလည်း ဒဏ်ရာရစစ်သားတွေကိုတင်ပြီး ဘိုးမသံတောင် အထက်ပိုင်းကနေ ပြန်ဆင်းလာတဲ့စစ်ကားကို ရေပူအောင်ခေါင်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရစစ်သားတွေထဲက ထပ်မံသေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“နေပြည်တော်ကောင်စီနယ်မြေကို ထိုးဖောက်ဖို့အတွက် ထိုးဖောက်ဖို့ဆိုတာထက် နေပြည်တော်မှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာပါ၊ အခု တကြိမ်က ဒုတိယတကြိမ် စခန်းသိမ်းတိုက်ပွဲပါ။”လို့ Northern Thandaung Defence Force ရဲ့ သတင်းပြန်ကြားရေး ရဲဘော်ကိုခန့်က ပြောပါတယ်။
ပထမနေ့ (သြဂုတ် ၁၀) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး သေနတ် ၉ လက် ရရှိခဲ့ကာ တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီဘက်က ၅၀ နီးပါး သေဆုံးပြီး ကာကွယ်ရေးရဲဘော်တွေဘက်က ရဲဘော် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်နေချိန်အတွင်းမှာလည်း စစ်ကောင်စီက ဘိုးမအထက်ရွာကို လေကြောင်းတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ရဲဘော်တဦး ဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို နေပြည်တော်နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖော်ဆောင်ဖို့အတွက် PKs-PDF 1004 နဲ့ Northern Thandaung Defence Force တို့ ပူးပေါင်းကာ ကျားသံလုံးစစ်ကြောင်းအဖြစ် လှုပ်ရှားနေပြီး ဒီစစ်ကြောင်းကို သံတောင်မြောက်ပိုင်း(အထူးဒေသ)တပ်ဖွဲ့ရဲ့ ဥက္ကဌ ဦးကိုကြီး ဦးဆောင်ကာ တိုက်ပွဲ အတွေ့ကြုံရှိတဲ့ စစ်သည်တော်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နေပြည်တော် #စစ်ကောင်စီ #စခန်းသိမ်းတိုက်ပွဲ #သေဆုံးမှုရှိ #NTDF #သတင်း #ဘိုးမသံတောင်
Share Share Share