နေပြည်တော်နဲ့ ၇ မိုင်အကွာလမ်းပိုင်းထိ PDF က ပြည်သူနဲ့တွေ့ဆုံကာ စစ်တပ်ထုတ်ကုန်များစစ်ဆေး

နေပြည်တော်နဲ့ ၇ မိုင်အကွာလမ်းပိုင်းထိ PDF က ပြည်သူနဲ့တွေ့ဆုံကာ စစ်တပ်ထုတ်ကုန်များစစ်ဆေး

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေနဲ့ ၇မိုင်အကွာရှိ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရ -ကိုးပင်လမ်းပိုင်းမှာ ပြည်သူတွေနဲ့တွေ့ဆုံပြီး စစ်ဆေးမှုတချို့ပြုလုပ်နိုင်ခဲ့တယ်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၁၊ တပ်ခွဲ ၆ ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေမှာ သာဂရ-ကိုးပင်လမ်းပိုင်း ၁၅ မိုင်အနီးမှာ လမ်းသွား၊လမ်းလာပြည်သူတွေရဲ့ ယာဉ်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်နေခြင်း ရှိ၊မရှိ၊ စစ်ကောင်စီနဲ့ ပတ်သက်သူတွေ ပါ၊မပါ စစ်ဆေးမှုတွေပြုလုပ်ခဲ့တာအပြင် ပြည်သူတွေနဲ့တွေ့ဆုံတဲ့သဘောမျိုး မေးမြန်းစကားပြောဆိုတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

 "ပြည်သူတွေက ကျနော်တို့ကိုတွေ့တဲ့အခါမှာ အံ့ဩကြတယ်။ ပြုံးပြုံးရွှင်ရွှင်ဘဲ အစစ်ဆေးခံတယ်။ ကျနော်တို့စစ်နေတဲ့နေရာက စကစတပ်တွေနဲ့ ၅ မိုင်အကွာအဝေးမှာပဲရှိတယ်။ ကျနော်တို့ စစ်နေပေမယ့် စကစအဖွဲ့တွေဘက်က လုံးဝလာတိုက်ခိုက်တာမရှိဘူး"လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ၃၅၀၁၊ တပ်ခွဲ ၆ တာဝန်ခံ ဗိုလ်ကြက်သွန်က မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အခုလိုလုပ်ဆောင်တာဟာ တောထဲက PDF တွေ စစ်ကောင်စီဌာနချုပ်နေရာအနီးထိ ရောက်ရှိလာပြီး ပြည်သူတွေနဲ့တွေ့ဆုံလာနိုင်တာကို ပြည်သူတွေထံသတင်းစကားပါးချင်တာနဲ့ စစ်ကောင်စီကိုဂရုမစိုက်ကြောင်း ပြသချင်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

PDF တွေ စစ်ဆေးမှုပြုလုပ်ခဲ့တဲ့နေရာနဲ့ ၅ မိုင်ခန့်အကွာ နေရာ ၃ ခုထက်မနည်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ အထိုင်တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး တပ်ရင်းတွေအနီးအထိ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

PDF တွေဘက်က စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းကို နာရီပိုင်းခန့်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး အခုလို နေပြည်တော်အနီးထိ PDFတွေ လမ်းပေါ်တက်ပြီး စစ်ဆေးတာနဲ့ပတ်သက်လို့ စစ်တပ်ထောက်ခံသူတွေအကြား စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်တာဝန် ရှိသူတွေအပေါ် ဝေဖန်မှုတွေလည်းရှိနေခဲ့တာပါ။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#နေပြည်တော် #၇မိုင်အကွာ #ကိုးပင်-သာဂရလမ်းပိုင်း #PDF #စစ်ဆေးမှု #ပြည်သူလူထု #တွေ့ဆုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10