နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုတွေ မလုပ်နိုင်သေး

နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုတွေ မလုပ်နိုင်သေး

မတ်လ ၂၇ ရက်မှာ ကျရောက်မယ့် ၇၉ နှစ်မြောက် နေပြည်တော်၊ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဇန်နဝါရီလကုန်ပိုင်းအထိ စစ်ကောင်စီတပ်က မလုပ်ဆောင်နိုင်သေးဘူးလို့ နေပြည်တော်ရှိ တပ်တွင်းသတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈,၀၀၀ နဲ့ ၁၀,၀၀၀ အကြား နှစ်စဉ်စစ်ရေးအင်အားပြလေ့ရှိတဲ့ အဲ့ဒီအခမ်းအနားအတွက် ယခင်နှစ်တွေမှာ တပ်မတော်နေ့မရောက်ရှိမီ  ၄ လခန့် (နိုဝင်ဘာလမှ စတင်ကာ) သက်ဆိုင်ရာစစ်တိုင်း/လက်ရုံးတပ်ဖွဲ့တွေအလိုက် စုစည်းလေ့ကျင့်မှုတွေလုပ်ဆောင်ပြီး ဇန်နဝါရီလဆန်းပိုင်းကို ရောက်ရင် နိုင်ငံအနှံ့ကစစ်ရေးပြမယ့်တပ်အားလုံး နေပြည်တော်မှာ စုစည်းရတာပါ။

အဲ့ဒီလို နှစ်စဉ်ကြိုတင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုနှစ်မှာတော့ တပ်မတော်နေ့ရောက်ဖို့ ၂ လ ဝန်းကျင်သာလိုတော့တဲ့အချိန်အထိ တပ်မတော်နေ့စစ်ရေးပြနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမျိုး တခုမှမတွေ့ရသေးဘူးလို့ နေပြည်တော် တပ်သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

“ ခါတိုင်းနှစ်တွေ ဒီချိန်ဆို တော်လှန်ရေးပုလိပ်(စစ်ရေးပြ)အတွက် ရွာတော်၊တည်းခိုရေး ၃ မှာ အကုန်စုပြီး လေ့ကျင့်နေကြပြီ။ ဒီနှစ်တော့ ဘယ်တပ်မှလည်းခုထိ မရောက်လာသေးဘူး။ ပုလိပ်(Parade)နဲ့ ပတ်သက်တာ ဘာမှမကြားဘူး။ နောက်ကျတာလား၊ဘာလား။ လုပ်ဖြစ်၊မလုပ်ဖြစ်လည်း မသိကြဘူး” လို့ သူက ပြောပါတယ်။

တပ်မတော်နေ့စစ်ရေးပြမှာ မြေပြင်စစ်ရေးပြစစ်ကြောင်းတွေအပြင် ဝယ်ယူထားတဲ့ အမြောက်လက်နက်ကြီးတွေ၊ ကပစတပ်ထုတ်လက် နက်ကြီးတွေ၊ ဝေဟင်က တိုက်လေယာဥ်အုပ်တွေအုပ်စုဖွဲ့ပျံသန်းပြီး ကြည်း/ရေ/လေ စုပေါင်းစစ်ရေးပြလေ့ရှိတာပါ။

အဲ့ဒီအခမ်အနားဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောလေ့ရှိပြီး နိုင်ငံတကာစစ်သံမှူးတွေအထိပါ ဖိတ်ကြားသလို သူတို့လက်နက်ဝယ်ယူနေကြ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်းစစ်အရာရှိတွေလည်း တက်ရောက်ကြပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်၊ ချင်းနဲ့ ရခိုင်ဒေသအပါအဝင် နိုင်ငံအနှံ့နီးပါးဖြစ်နေတဲ့ တိုက်ပွဲတွေမှာ နေရာတိုင်း ရှုံးနိမ့်နေသလို လက်ရှိအထိ ဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း အင်အားအဆမတန်ဖြည့်တင်းခုခံနေရလို့ ထောင်နဲ့ချီပြီး(သောင်းနီးပါး) အသုံးပြုရမယ့် စစ်ရေးပြအခမ်းအနားအတွက် လူတောင်းခံဖို့ အဆင်သင့်မဖြစ်ဘူးလို့ စစ်ရေးပြမှာပါဝင်ဖူးတဲ့ CDM တပ်မတော်သားတဦးက သုံးသပ်ပြောပါတယ်။

“ ဒီအချိန်အထိ စစ်ရေးပြနဲ့ပတ်သက်ပြီးအသံမကြားဘူးဆိုရင် ဘယ်လိုဆက်လုပ်မလဲဆိုတာကြည့်ရမှာပေါ့။ အဲ့စစ်ရေးပြလုပ်နိုင်ဖို့အတွက် နေပြည်တော်မှာစုပြီး ကျင့်ဖို့က ဒီအချိန်တောင် နောက်ကျနေပြီ။ လက်ရှိအခြေအနေက ဒီဘက်(စစ်ရေးပြ)မှာ လူစုဖို့တော့မလွယ်ဘူး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိစစ်ရေးအခင်းအကျင်းတွေအရ ရှမ်းမြောက်ဒေသနဲ့ ရခိုင်မှာ ဒကစစစ်ဌာနချုပ်အပါအဝင် စစ်ဗျူဟာ၊ တပ်ရင်း/တပ်ဖွဲ့အများအပြား စွန့်လွှတ်ခဲ့ရတဲ့အတွက် အရှေ့မြောက်တိုင်း( ရမခ) နဲ့ အနောက်ပိုင်းတိုင်း(နပခ) ကိုယ်စားပြုစစ်ကြောင်းတွေအတွက် စစ်ရေးပြအင်အားထုတ်နှုတ်ဖို့ ပိုမိုခက်ခဲမယ်လို့ သူက ထပ်လောင်းပြောပါတယ်။

ယခင်နှစ်တွေမှာ နေပြည်တော်ရောက်စစ်ရေးပြလေ့ကျင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် လမ်းကြောင်းလုံခြုံရေး၊ အပြင်စည်း၊ အတွင်းစည်းတွေကနေလုံခြုံရေးပေးဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို အသုံးပြုရပြီး အဲ့ဒီအတွက်လည်း အင်အားသုံးနိုင်မယ့်အခြေအနေမျိုးမတွေ့ရဘူးလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီလူအုပ်ကြီးအတွက်ကို လုံခြုံရေးပေးဖို့ အရင်ကဆို ဒီရွာတော်တည်းခိုရေးနဲ့စစ်ရေးပြကွင်းကြားမှာတင် ဓာတ်တိုင် ၂ တိုင်ကြားလောက်မှာ လမ်းတဖက်စီ လုံခြုံရေးချပေးရတယ်။ အဲ့ဒီလို လုံခြုံရေးထုတ်ပေးဖို့ အင်အားလည်း မလွယ်တဲ့ပုံစံမျိုး” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရေးပြအခမ်းအနားအတွက် အခုလိုကြိုတင်မပြင်ဆင်နိုင်ပေမယ့် စစ်တပ်ထောက်ခံသူတွေကို  ဖြေသိမ့်ဖို့နဲ့ တပ်အင်အားပြသနိုင်ဖို့ မဖြစ်၊ဖြစ်တဲ့နည်းနဲ့ အဲ့ဒီစစ်ရေးပြအခမ်းအနားကို လုပ်ဆောင်လာနိုင်ကြောင်း မြန်မာစစ်တပ်အတွင်း နှစ်ပေါင်း ၂၀ ခန့်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“ဒီဟာကို မလုပ်ရင် သူ့အောက်က စစ်သားတွေ  သူ့အပေါ်မှာပိုပြီး အယုံအကြည်မဲ့သွားမယ်လို့ သူလည်းတွေးထားပြီးသားဖြစ်လိမ့်မယ်။ ပုံမှန်ကတော့ဟုတ်တယ် ဇန်နဝါရီလဆန်းဆို နေပြည်တော်အကုန်စုနေရမှာ။ အဲ့လို ကြိုမလေ့ကျင့်နိုင်ရင် စစ်ရေးပြမှာလည်း ကမောက်ကမတွေဖြစ်လာနိုင်တယ်” လို့ ဆိုပါတယ်။

နေပြည်တော်မှာ အာဏာသိမ်း ၃ နှစ်ပြည့်နီးကပ်လာချိန် အခုလတတိယပတ်အတွင်းကစတင်ကာ လုံခြုံရေးအထူးတင်းကျပ်နေပြီး စစ်ရုံးတွေက တပ်ကြပ်ကြီး/စာရေးတွေကိုပါ ထုတ်နုတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ပုံစာ - ယမန်နှစ် စစ်ရေးပြ စစ်ကြောင်းများလေ့ကျင့်နေမှုအား ဒု-ချုပ်စိုးဝင်း ဦး‌စီးပြီး စစ်ဆေးနေစဉ်။

#မြေလတ်အသံ

#နေပြည်တော် #စစ်ကောင်စီတပ် #စစ်ရေးပြ #အခမ်းအနား #ကြိုတင်ပြင်ဆင်မှု #မပြုလုပ်နိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10