နေပြည်တော်မှာ ဘုရားမီးပူဇော်တဲ့ဖယောင်းတိုင်ကတဆင့် မီးလောင်လို့ နေအိမ် ၇ လုံးပျက်စီး

နေပြည်တော်မှာ ဘုရားမီးပူဇော်တဲ့ဖယောင်းတိုင်ကတဆင့် မီးလောင်လို့ နေအိမ် ၇ လုံးပျက်စီး

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာမှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ထားရာက မီးလောင်မှုဖြစ်ပြီး နေအိမ် ၇ လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ည ၇ နာရီခန့်မှာ ဂုဏ်မင်းအင်းကျေးရွာနေ ဒေါ်နွဲ့နွဲ့အေးနေအိမ် အပေါ်ထပ် ဘုရားစင်သစ်သားပေါ်မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ထားခဲ့ရာက ဘုရားစင်ကိုမီးစွဲလောင်ပြီး ဘေးနေအိမ်တွေကိုပါ မီးကူးဆက်လောင်ကျွမ်းခဲ့တာပါ။ 

"အောက်ခံခွက် အောက်ခံပြားလည်း မပါ။ ရိုးရိုးဘုရားကျောင်းဆောင်ပေါ်မှာပဲ မီးပူဇော်ခဲ့တာ။ မီးကုန်တဲ့ အချိန်မှာ ဘုရားစင်ကိုကူးတယ်။ ဘုရားစင်ကူးချိန်မှာ ချက်ချင်းကြီး မီးခိုးမီးတောက်တွေကမဖြစ်ဘဲ ဘုရားစင်တော်တော်များများပါသွားပြီးမှ ထရံတွေပါကူးပြီး မီးမနိုင်တော့ဘူးဖြစ်တာ။"လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် ဒေါ်နွဲ့နွဲ့အေးနေအိမ်အပါအဝင် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းနေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ပျဉ်းမနားမြို့နယ်မီးသတ်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်ကလည်း ဇမ္ဗူသီရိမြို့၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံကော်အိမ်ယာမှာ ဘုရားစင်မှာ အလှဆင်ထားတဲ့မီးဆိုင်းကနေ အပူလွန်ကဲမီးလောင်လို့ တိုက်ခန်း ၁ ခန်း မီးလောင်ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#နေပြည်တော် #မီးလောင် #နေအိမ် #ပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10