နေပြည်တော်-ကံပြားလမ်းမှာ ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

နေပြည်တော်-ကံပြားလမ်းမှာ ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဇီးလုံးကျေးရွာအနီး နေပြည်တော်-မြို့သစ်-ကံပြားသွား ကားလမ်းပေါ်မှာ နာရေးသွားမယ့် ခရီးသည်တင်ယာဥ်နဲ့ အိမ်စီးကား မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇွန်လ၂၅ ရက် ညနေ ၃ နာရီလောက်မှာ မကွေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် Hiace ကားနဲ့  နေပြည်တော်ဘက်ကနေ  မောင်းနှင်လာတဲ့ SURF အိမ်စီးကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဘယ်သူမှားတယ် မှန်တယ်လို့တော့မသိဘူး။ မျက်နှာချင်းဆိုင်ချိတ်ပြီး SURF ကားက ပက်လက်ပါ လန်သွားတယ်။ Hiace ကားကတော့ ခေါင်းပိုင်းကြေသွားတယ်။ Hiace ကားက မော်လမြိုင်ဘက်ကို နာရေးသွားဖို့ ကားစီးလုံးငှားလာတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ခရီးသည်တင် Hiace ကားဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကနေထွက်ခွာလာတာဖြစ်ပြီး မကွေး-နေပြည် တော်လမ်းပိုင်းမှတဆင့် အမြန်လမ်းမအတိုင်းမော်လမြိုင်မြို့ကို သွားရောက်မှာဖြစ်ပြီး SURF အိမ်စီးကားကလည်း နေပြည်တော်ကနေ မောင်းနှင်လာကာ မကွေး၊မင်းဘူးမှတဆင့် ရခိုင်ပြည်နယ်ကို သွားရောက်မယ့်ကားလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဥ်မောင်း အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး အဲ့ဒီယာဥ်ပေါ်ပါ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့ကာ SURF ကားပေါ်က ယာဥ်မောင်းအမျိုးသားလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

SURF ကားပေါ်က ထိခိုက်ဒဏ်ရာရ အမျိုးသားကိုတော့ မကွေးဆေးရုံကို ပို့ထားရပြီး ကျန်ဒဏ်ရာရသူ ၂ ဦးကို နေပြည်တော်ဆေးရုံနဲ့ သေဆုံးသူကိုတော့ မြို့သစ်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်ကလည်း မြို့သစ်မြို့နယ်၊ ရွှေပန်းတောကျေးရွာအနီး နေပြည်တော်-ကံပြားကားလမ်းမှာ ဟိုက်ဂျက်ယာဥ်နဲ့ မန္တလာမင်းခရီးသည်တင်ယာဥ် ခေါင်းချင်းဆိုင်တိုက်မိပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#မကွေး #မြို့သစ် #ယာဥ်တိုက်မှု #တဦးသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10