နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)

နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)

နောက်နှစ်လဆိုရင် အခုနေတဲ့တိုက်ခန်းကနေပြောင်းရမှာဖြစ်လို့ မဝတ်ရည်တစ်ယောက် တိုက်ခန်းအသစ်ရှာဖို့ ပွဲစားတွေဆီ ဖုန်းတွေ တစ်ယောက်ပြီးတစ်ယောက်လိုက်ဆက်နေပါတယ်။

အခုနေထိုင်တဲ့ တာမွေမြို့နယ်ကငါးလွှာတိုက်ခန်းဟာ တစ်လ ကျပ်နှစ်သိန်းနဲ့ ခြောက်လစာချုပ်အလီလီချုပ်ပြီး နေလာတာ နှစ်နှစ်နီးပါးရှိတော့မှာပါ။ လာမယ့်နိုဝင်ဘာလကုန် စာချုပ်ပြည့်သွားရင် တစ်လကို ကျပ်သုံးသိန်းထိ အိမ်ငှားခတိုးမြှင့်တော့မှာမို့ နေအိမ်အသစ်ရှာဖို့ မဖြစ်မနေလိုအပ်နေတာပါ။

မဝတ်ရည်တို့ဟာ ဒီတိုက်ခန်းမှာ သူ့အမျိုးသား၊ မိခင်ဖြစ်သူ၊ အလယ်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူတို့နဲ့ အတူနေထိုင်ကြတာဖြစ်ပြီး အမျိုးသားရဲ့ အငှားယာဉ် (Taxi) မောင်းတဲ့ ဝင်ငွေလေးဟာ သားဖြစ်သူရဲ့ ကျောင်းစရိတ်၊ အိမ်စရိတ်တွေနဲ့ လောက်ငှရုံလောက်ပဲရှိတာမို့ ထပ်ပြီးမြင့်တက်လာမယ့်အိမ်ငှားခကို မတတ်နိုင်တော့ဘူးလို့ မဝတ်ရည်က ပြောပါတယ်။

“အခုက ဝင်ငွေရဲ့တစ်ဝက်လောက်က အိမ်ငှားခသုံးရတော့မလိုဖြစ်နေတယ်။ အရင်တုန်းကတောင် စာချုပ်တစ်ခါတစ်ခါ ချုပ်ဖို့တောင် အနိုင်နိုင်ပေးနေရတာ။” လို့ သူက ပြောပါတယ်။

ရန်ကုန်မှာ အိမ်ငှားခတွေ အခုလိုခုန်တက်လာတာက တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ အာဏာရှင်တော်လှန်ရေးရဲ့ ရိုက်ခတ်မှုနဲ့ ဆက်စပ်ပါတယ်။

စစ်ကောင်စီကို အထိနာစေတဲ့ ‘၁၀၂၇’ စစ်ဆင်ရေးတွေနောက်ပိုင်း မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေကို ရှမ်းမြောက်နဲ့ ရခိုင်ဘက်ကဒေသခံတွေ အလုံးအရင်းနဲ့ စစ်ရှောင်ဝင်လာခဲ့သလို တိုက်ပွဲတွေက မန္တလေးမြို့အထိ ခြိမ်းခြောက်လာတဲ့အခါ အဲဒီက မြို့ခံတွေရော စစ်ရှောင်တွေပါ ရန်ကုန်ကိုထပ်တိုးရောက်လာကြပါတော့တယ်။

စစ်ကောင်စီမီးရှို့လို့ အိမ်ပေါင်းသိန်းနဲ့ချီ ပြာကျသွားခဲ့ရပြီဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးဘက်က စစ်ဘေးရှောင်အချို့ကတော့ ရန်ကုန်ကို ယခင်ကတည်းက ရောက်နှင့်အခြေချနေကြပြီးလည်း ဖြစ်ပါတယ်။

ဒီလို နေရပ်ရွှေ့ပြောင်းလာသူတွေ များလွန်းတဲ့အတွက် ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်ကိုပါ လှုပ်ခတ်ခဲ့ပြီး အိမ်ငှားခတွေလည်း သိသိသာသာမြင့်တက်သွားတယ်လို့ မော်ကွန်းကမေးမြန်းခဲ့တဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ‌ပြောပါတယ်။ ခေါင်ခိုက်လာတဲ့ကုန်ဈေးနှုန်းနဲ့ အိမ်ခြံမြေဈေးနှုန်းတွေကြောင့်လည်း အိမ်ခန်းငှားခတွေ ဈေးတက်သွားတာဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

တာမွေမြို့နယ်က အိမ်ခြံမြေအကျိုးဆောင် ကိုစိုးမိုးက “ကုန်ဈေးနှုန်းကလည်း တက်လာတယ်။ အိမ်တွေကလည်း ဈေးကောင်းလာပြီး ဈေးကွက်ကသွက်လာတယ်။ ငှားမယ့်သူတွေလည်း လိုက်ရှာနေတာ အများကြီးပဲဆိုတော့ ဈေးကွက်သဘောအရရော တက်သွားတာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့က လူနေတိုက်ခန်းများ (Photo – မော်ကွန်း)
ရန်ကုန်မြို့က လူနေတိုက်ခန်းများ (Photo – မော်ကွန်း)

 

ရှာသူတွေကများ ဈေးသက်သာတာကရှား

ဈေးကွက်ထဲမှာလည်း အိမ်ရှာဖွေနေသူတွေ အများအပြားရှိတဲ့အပြင် တိုက်ခန်းတွေကလည်း ဈေးသက်သာတဲ့အခန်း ရှာရခက်လာတယ်လို့ အိမ်ခန်းရှာဖွေနေသူတချို့က ပြောပါတယ်။

“အရင်နှစ်သိန်းလောက်ရှိတဲ့ တိုက်ခန်းက အခု အနည်းဆုံးသုံးသိန်းပဲ။ အခုနှစ်သိန်းတန်ဆို တော်တော်စုတ်ပြီး ချောင်ကျတဲ့ နေရာလောက်ပဲ ဒီဈေးနဲ့ရတော့မှာ” လို့ တိုက်ခန်းပြောင်းဖို့ ရှာဖွေနေတဲ့ မဝတ်ရည်က ပြောပါတယ်။

ဒီလိုဈေးတွေတက်နေပေမယ့်လည်း ငှားရမ်းသူတွေ များနေတာကြောင့် ဈေးသင့်တင့်တဲ့အခန်း ရှာလို့မရဘူးလို့ ပြောပါတယ်။

“မနေချင်ရင်သွား၊ နောက်တက်နေမယ့်သူကလည်း အဆင်သင့်ပဲ။ အိမ်ရှင်တွေပွဲစားတွေက ဈေးတွေခေါ်နေတာ” လို့ ၎င်းက စိတ်ပျက်လက်ပျက်ပြောပါတယ်။

ရန်ကုန်မြို့ကို အခုမှ စစ်ဘေးရှောင်ပြီး‌ ပြောင်းရွှေ့လာသူတွေဟာလည်း ဒီလိုမြင့်တက်နေတဲ့ အိမ်ငှားရမ်းခတွေ၊ ကုန်ဈေးနှုန်းဒဏ်တွေကို လူးလှိမ့်ရင်ဆိုင်နေရပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်  ရန်ကုန်ကို ပြေးလာရတဲ့မမီးငယ်တို့ မိသားစုဟာဆိုရင် တောင်ဒဂုံမြို့နယ်က ၁၀ ပေအကျယ် ပေ ၆၀ အရှည် ပျဉ်ထောင်သွပ်မိုးအိမ်လေးကို တစ်လ ကျပ်တစ်သိန်းခွဲထိ ငှားရမ်းခပေးပြီးနေရပါတယ်။

“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်” လို့ မမီးငယ်က ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ ရန်ကုန်လို လူနေထိုင်မှုသိပ်သည်းတဲ့ စီးပွားရေးမြို့တော်မှာ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ပိုပြီးလှုပ်ခတ်လာခဲ့တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ အိမ်ငှားရမ်းခတွေဟာ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ကဈေးတွေထက် နှစ်ဆနီးပါးမြင့်တက်နေတာပါ။

နေရပ်ပြောင်းရွှေ့လာသူတွေများလာတာ၊ ပြည်ပကိုထွက်ခွာဖို့ ရန်ကုန်မှာ သင်တန်းတက်သူတွေ၊ အဆောင်ငှားတဲ့လူငယ်တွေ အရင်နှစ်တွေကထက် များပြားလာခဲ့တာကြောင့် အိမ်ငှားခ၊ အဆောင်ငှားခတွေဟာလည်း တစ်နှစ်ပြီးတစ်နှစ် မြင့်တက်ခဲ့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တချို့က ပြောပါတယ်။

လှည်းတန်းလိုနေရာမျိုးမှာဆိုရင် အဆောင်လခတွေဟာ အရင်သုံးလေးနှစ်ကာလတွေကထက် နှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။

ပုံမှန် လူတစ်ဦးစာအခန်းဖွဲ့ထားတဲ့အဆောင်ဆိုရင် အရင်က ကျပ်တစ်သိန်းဝန်းကျင်လောက်ရှိပေမယ့် လက်ရှိမှာ တစ်သိန်းခွဲထိမြင့်တက်သွားပြီး ငါးသောင်း၊ ခြောက်သောင်းတန် အဆောင်ဆိုရင်တော့ လူအများကြီးစုနေရတဲ့ နေရာလိုမျိုးပဲ ရတော့မှာပါ။

“ဒီနှစ်လလောက်အတွင်းမှာပဲ ဈေးသတ်မှတ်ချက်တွေ ပိုတိုးလာတာ။ တစ်ယောက်တက်တော့ အကုန်လိုက်တက်ပြီး ဈေးတန်းတစ်ခုလုံး ချိန်းသွားတာ။ ဒီနှစ်လလောက်ပဲရှိသေးတယ်” လို့ အကျိုးဆောင်ကိုစိုးမိုးက ပြောပါတယ်။

ယခင်က တိုက်ခန်းငှားရမ်းခဟာ အနိမ့်ဆုံး ကျပ်တစ်သိန်းခွဲကစပေမယ့် လက်ရှိမှာတော့ အနည်းဆုံး ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲကနေ သုံးလေးသိန်းထိ နေရာအနေအထားပေါ်မူတည်ပြီး တိုးတောင်းလာကြတာပါ။

 

နေရခက် စားရကျပ်

အထွေထွေကုန်ကျစရိတ်တွေနဲ့ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတဲ့အပြင် နေအိမ်နဲ့ တိုက်ခန်းငှားခတွေပါ မြင့်တက်ခဲ့တာကြောင့် ရန်ကုန်ရဲ့ မြို့ပြလူနေမှုစရိတ်ဟာ ကိုမျိုးသန့်တို့လို လခစားဝန်ထမ်းတွေအတွက် ပိုပြီးကျပ်တည်းလာစေခဲ့ပါတယ်။

အွန်လိုင်းကြော်ငြာလုပ်ငန်းတစ်ခုမှာ Video Editor တစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်နေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာဆိုရင် ပြီးခဲ့တဲ့လပိုင်းကပဲ အိမ်ငှားခတွေ အရင်ထက် ကျပ်ငါးသောင်း မြင့်တက်ခဲ့တာကြောင့် လစာနဲ့ မလောက်မငှဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အရင်က သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ တစ်လကို ငှားရမ်းခကျပ်တစ်သိန်း၊ တစ်သိန်းခွဲနီးပါးတန် တိုက်ခန်းတွေ ပေါပေါများများရှိခဲ့ပေမယ့် အခုတော့ ဒီဈေးနှုန်းတွေမရတော့ဘူးလို့ ပြောပါတယ်။

“အရင် တစ်သိန်းတန်တိုက်ခန်းက နှစ်သိန်းလောက်ဖြစ်သွားတယ်။ အဲဒီ နှစ်သိန်းတန်အခန်းဆိုတာလည်း အတွင်းဝင်ရတယ်။ နည်းနည်းချောင်ကျတဲ့ နေရာတွေပဲရတယ်။ နေရာကောင်းရင် နှစ်သိန်းခွဲကနေ သုံးသိန်း၊ သုံးသိန်းခွဲဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သုံးနှစ်ကျော်အတွင်းမှာ နိုင်ငံအတွင်းမြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊  စီးပွားရေးကျဆင်းလာမှုတွေကြောင့် ပြည်သူတွေဟာ ပိုမိုကျပ်တည်းလာပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအညွှန်းကိန်းတွေဟာလည်း စစ်ကောင်စီလက်ထက်မှာ ကျဆင်းသွားတာကို ကျွမ်းကျင်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ရန်ကုန်မြို့က လူနေတိုက်ခန်းများ (Photo – မော်ကွန်း)
ရန်ကုန်မြို့က လူနေတိုက်ခန်းများ (Photo – မော်ကွန်း)

ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP) က အခုနှစ် ဧပြီလကထုတ်ပြန်ခဲ့တဲ့စစ်တမ်းမှာတော့ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာမြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ မြန်မာကျပ်ငွေဖောင်းပွမှုတွေကြောင့် နိုင်ငံရဲ့လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဆင်းရဲမွဲတေမှုမျဉ်းသတ်မှတ်ချက်ဖြစ်တဲ့ တစ်ရက်ကို ၁,၅၉၀ ကျပ်ဝင်ငွေအောက်ကို နိုင်ငံလူဦးရေရဲ့ ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ အခြေအနေကိုဖော်ပြထားတဲ့ Poverty and the Household Economy of Myanmar: a Disappearing Middle Class  ဆိုတဲ့ UNDP ရဲ့ စစ်တမ်းက ဆိုပါတယ်။

ဒီစစ်တမ်းအရ မြန်မာနိုင်ငံက အိမ်ထောင်စုတွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း နှစ်ဆမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ သုံးနှစ်ကျော်အတွင်းမှာ မလုံခြုံမှု၊ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် စီးပွားရေးကျပ်တည်းလာနေပြီး နိုင်ငံရဲ့ လူလတ်တန်းစားအရေအတွက်ဟာလည်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကာ ဆင်းရဲမွဲတေမှု မြင့်တက်လာနေတယ်လို့ ဒီစစ်တမ်း မှာ ဖော်ပြထားပါတယ်။

အလားတူပဲ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် စီးပွားရေးအညွှန်းကိန်းတွေ ထုတ်ပြန်နေတဲ့ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ (ဒီမှာ အောက်က link ကို embed လုပ်ရန်) မှာလည်း ကုန်ထုတ်လုပ်မှုကျဆင်းနေမှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေ မြင့်တက်နေမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆက်လက်နှေးကွေးနေတယ်လို့ ဆိုထားပါသေးတယ်။

ဒီအစီရင်ခံစာအရတော့ နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်းတွေဟာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး အခုနှစ်မှာ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူအရေအတွက်ဟာ ကိုဗစ်ကပ်ရောဂါကာလကထက် လူဦးရေခုနစ်သန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

 

ဈေးနှုန်းတွေကခေါင်ခိုက် အနာဂတ်တွေကမှောင်မိုက်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ဒေါ်လာဈေး၊ ရွှေဈေးတွေရဲ့ ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် ခေါင်ခိုက်နေအောင် မြင့်တက်ခဲ့ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်ကဆိုရင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၁,၃၀၀ ဝန်းကျင်ပဲ ရှိခဲ့ပေမယ့် လက်ရှိမှာ တစ်ဒေါ်လာကို ၅,၀၀၀ ကျပ်ဝန်းကျင်ကို ရောက်နေတာပါ။

စစ်ကောင်စီလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း အပိုင်းပိုင်းပြတ်တောက်သွားခဲ့ကာ ပြည်တွင်းမှာ အဓိ အသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေရဲ့ ဈေးနှုန်းတွေမတည်ငြိမ်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာတွေ မကြာခဏဖြစ်နေခဲ့ပါတယ်။

စက်သုံးဆီရှားပါးပြတ်လပ်မှုကြောင့် ရန်ကုန်မြို့မှာ နေ့စဉ်သွားလာနေရတဲ့ အငှားကားခတွေ ဆိုင်ကယ်ကယ်ရီခတွေ စတဲ့ အထွေထွေ အသုံးစရိတ်တွေဟာလည်း မြင့်တက်ခဲ့ပါတယ်။

ဒီလိုအဖက်ဖက်က စားသောက်နေထိုင်စရိတ်တွေ မြင့်တက်နေတဲ့ကြားကပဲ စက်တင်ဘာ ၁ ရက်ကစပြီး စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီတာခတွေကို တိုးမြှင့်ကောက်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အိမ်သုံးမီတာခ အရင်က တစ်ယူနစ်ကို အနည်းဆုံး ၃၅ ကျပ်သတ်မှတ်ထားရာကနေ အခု တစ်ယူနစ်ကို ၅၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

မြင့်တက်လာတဲ့ တိုက်ခန်းငှားရမ်းခကြောင့် နေအိမ်အသစ်ရှာဖွေနေတဲ့ မဝတ်ရည်ကတော့ ရန်ကုန်မြို့မှာ အိမ်ငှားနေရတဲ့ ဘဝကို စိတ်ကုန်နေပြီလို့ ပြောပါတယ်။

တတ်နိုင်တဲ့ဈေးနှုန်းနဲ့ တိုက်ခန်းအသစ်ရှာမတွေ့ဘူးဆိုရင်တော့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ အရှေ့ဒဂုံလို နေရာမျိုးမှာပဲ သက်သာတဲ့ လုံးချင်းအိမ်လေးတွေ ရှာရတော့မှာပါ။

သူတို့နေထိုင်နေတဲ့ တိုက်ခန်းလေးကို ခပ်တွေတွေလေး တစ်ချက်ကြည့်ပြီး မဝတ်ရည်က အခုလိုပြောပါတယ်။

“အိမ်တစ်ခါပြောင်းရင် လွယ်တာမဟုတ်ဘူး။ ဖြစ်နိုင်ရင်တော့ မပြောင်းချင်ဘူး။ ဒါပေမယ့်လည်း ဒီဈေးနဲ့က ဘယ်လိုမှ ရေရှည်မတတ်နိုင်တော့ဘူး”

( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )

#မြေလတ်အသံ

#ဆောင်းပါး #မော်ကွန်း #စားဝတ််နေရေး #ရန်ကုန် #ကျပ်တည်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10