နေရာရှာနေလျှင် တော်လှန်ရေးကြာမည် (အယ်ဒီတာ့အာဘော်)

နေရာရှာနေလျှင် တော်လှန်ရေးကြာမည် (အယ်ဒီတာ့အာဘော်)

လမ်းပေါ်တက်ကာ လက်ဗလာနှင့် စခဲ့ကြသည့် စစ်အာဏာရှင်တော်လှန်ရေးသည် ယခုသုံးနှစ်ကျော်ကြာကာလ ထဲသို့ ရောက်လာသည့်ခါ အာဏာသိမ်းစစ်တပ်ပြုတ်ကျရေးမှာ များစွာနီးစပ်နေပြီဟု ဆိုရမည်။

မရပ်မနားတော်လှန်ခဲ့ကြသည့် စစ်အာဏာရှင်တော်လှန်ရေးခရီးသည် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှစ၍ အရှိန်အဟုန်ကောင်းကောင်းဖြင့် တော်လှန်ခဲ့ကြရာ စစ်အာဏာရှင်ဗိုလ်ချူပ်တသိုက် အတွက် အကျအဆုံး၊ အဆုံးအရှုံး အများဆုံးနှင့် ဖရိုဖရဲအဖြစ်ဆုံးအခြေအနေကိုပင် ရင်ဆိုင်နေရသည်။ 

၁၀၂၇ စစ်ဆင်ရေးအရှိန်သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေးအပါအဝင် ရှမ်းပြည် တောင်ပိုင်းသို့ပင် ကူးစက်သွားခဲ့သည်။ 

ကချင်ပြည်နယ်တွင် စစ်ကောင်စီသည် နယ်မြေတခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရသည်။ ရခိုင်ပြည်နယ်တွင် လည်း အာရက္ခတပ်တော်(AA)က ရခိုင်မြောက်ပိုင်းတခုလုံးနီးပါးနှင့် တောင်ပိုင်းရှိ မြို့နယ်တချို့ကို သိမ်းပိုက် ထားပြီးဖြစ်သည်။ 

အလားတူ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၌လည်း အာဏာသိမ်းမင်းအောင်လှိုင်စစ်တပ်သည် အရေးနိမ့်မှု၊ နယ်မြေလက်လွှတ်ဆုံးရှုံးရမှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကိုပင် KNU နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရန် ကြိုးစားလျက်ရှိ သည်။ 

အထက်ပါအခြေအနေများကြောင့် စစ်ကောင်စီအဖွဲ့အတွင်း၌လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏ နောက်လိုက် စစ်ဗိုလ်ချုပ်များကို ဖမ်းဆီးထောင်ချခြင်း၊ ရာထူးဖြုတ်ချ နေရာရွှေ့ပြောင်းခြင်း၊ စစ်ဗိုလ်ချုပ် အသစ်ခန့်အပ်ခြင်းများ ဆက်တိုက်လုပ်နေရခြင်းစသည့် အတွင်းပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းသည်ပင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။ 

ထို့ကြောင့် ယခုအချိန်သည် စစ်ကောင်စီအတွက် အကျပ်အတည်းစိုက်နေသည့်အခြေအနေ၊ တနည်းအားဖြင့် တော်လှန်ရေးပန်းတိုင်အတွက် အနီးကပ်ဆုံးသော အချိန်ဖြစ်၏။

ဤနေရာ၌ ဟာကွက်တခုဖြစ်နေသည်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ၎င်းတို့၏ပြည်နယ်များကို ၎င်းတို့ ကိုယ်တိုင်တိုက်ခိုက်သိမ်းပိုက်နေချိန် တော်လှန်ရေးအားကောင်းသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်း၊ မကွေးဒေသများ၌ တော်လှန်လိုစိတ်များပြင်းပြသလောက် ခရီးမပေါက်ဖြစ်နေကြခြင်းပင်။ 

ယင်းအခြေအနေကို ယခုနှစ်သင်္ကြန်ကာလအတွင်း အညာမြေပြင်က တော်လှန်ရေးတပ်ဖွဲ့များ၏ သံချပ်များမှတဆင့် ကျယ်လောင်စွာကြားခဲ့ရသည်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ပြ ဝေဖန်ရာ၌ ပိုနေသည့်နေရာများထက် လိုအပ်နေသည့်အညာဒေသကို ဝန်းရံကြရန်နှင့် မြေပြင်၌ဖွဲ့စည်းထားသည့် ပသုံးလုံး(ပကဖ၊ ပအဖ၊ ပလဖ)သည် လူထုအတွက် အကျိုးထက် အဆိုးသာဖြစ်နေခြင်းကြောင့် အစိုးရအဖွဲ့များ ဖွဲ့နေခြင်းထက် အာဏာရှင်ပြုတ်ကျရေးကိုသာ အားစိုက်ကြရန် စသည့်အချက်များကို နည်းမျိုးစုံဖြင့် ဝေဖန် ထောက်ပြခဲ့ကြသည်။

အလားတူ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အခမ်းအနားကိုပေးပို့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ သဝဏ်လွှာ၌ ရန်သူပတ်ခြာလည်ဝိုင်းနေပြီး ရိက္ခာဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်ပတ်သက်ပြီး စိန်ခေါ်မှုရှိနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကို NUG အနေဖြင့် ထိုက်သင့်သည့် ဦးစားပေးအာရုံစိုက်မှုများ ပြုလုပ်စေချင်သည်ဟုအကြံပြုခဲ့သည်ကို တွေ့ရသည်။ 

ထို့ကြောင့် တခြားသောတိုင်းရင်းသားများနည်းတူ ဗမာတိုင်းရင်းသားနယ်မြေများရှိ လက်နက်ကိုင်တော်လှန် ရေးသမားများလည်း စစ်အာဏာရှင်ဖြုတ်ချရေးအတွက် စိတ်ရှိသလောက် ခရီးပေါက်တော်လှန်နိုင်ရန် စစ်ကိုင်း၊ မကွေးတို့ကို ယခုထက် ပိုမိုအားစိုက်ပေးရမည်ဖြစ်သည်။  

အထူးသဖြင့် တော်လှန်ရေးတပ်ဦးအနေဖြင့် အစိုးရအဖွဲ့အစည်းများကို ဖွဲ့စည်းနေခြင်းထက် စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ အဓိကထား အားစိုက်တော်လှန်ပြီး အနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစိုးရကို တိုင်းရင်းသားများနှင့်အတူ လက်တွဲတည်ဆောက်သွားကြရန် ကျွန်ုပ်တို့မြေလတ်အသံက အလေးအနက် တိုက်တွန်းအပ်ပါသည်။ 

#မြေလတ်အသံ

#အယ်ဒီတာ့အာဘော် #တော်လှန်ရေး #၃နှစ်ပြည့် #NUG #ဝေဖန်အကြံပြု #သံချပ် #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10