နေအိမ်တွေကပစ္စည်းယူပြီးထွက်လာတဲ့စစ်တပ်က စစ်ကြောင်းထပ်ထိုးလို့  ဒေသခံသောင်းနဲ့ချီထွက်ပြေးရ

နေအိမ်တွေကပစ္စည်းယူပြီးထွက်လာတဲ့စစ်တပ်က စစ်ကြောင်းထပ်ထိုးလို့  ဒေသခံသောင်းနဲ့ချီထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အောက်တိုဘာ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမွှေနှောက်နေလို့  ရွာ ၁၀ ရွာခန့်က လူသောင်းနဲ့ချီ စစ်ရှောင်နေရတယ်လို့ ပုလဲမြို့နယ်သပိတ်ဦးဆောင်ကော်မတီထံက သိရပါတယ်။

စစ်ကား ၁၇ စီးနဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ မင်းတိုင်ပင်ရွာနေအိမ်တွေက ပစ္စည်းတွေယူဆောင်ပြီး ပုလဲဘက်ကိုထွက်ခွာလာစဉ် ကုက္ကိုကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ပုလဲ-ဂန့်ဂေါလမ်းတလျှောက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

"ကားတွေဘေးမှာ စစ်ကြောင်းက ခြေလျင်လိုက်ပြီး လမ်းတလျှောက်ရွာတွေ စစ်ကြောင်းထိုးတာ။ မိုင်းဆွဲခံရပြီးတော့ သူတို့(စစ်တပ်)ဘက်က တောက်လျှောက်ပြန်ပစ်နေတယ်။ အဲ့ဒီလမ်းဘေးကကျေးရွာတွေကတော့ အကုန်စစ်ရှောင်နေရတယ်" လို့ ပုလဲမြို့နယ်သပိတ်ဦးဆောင်ကော်မတီဝင် ကိုတိုးဝေအောင်က ပြောပါတယ်။

ဒီစစ်ကြောင်းကြောင့် ကုက္ကိုကုန်း၊ နွယ်ရှောက်၊ လက်ပကန်၊ နှောကန်၊ စေတရုံ၊ မြကုန်း၊ ဇောင်ငြမ်းကုန်း စတဲ့ရွာတွေအပါအဝင် အနီးနားရှိ ရွာ ၁၀ ရွာလောက်က ဒေသခံ ၁၀,၀၀၀ ကျော်လောက် နီးစပ်ရာကျေးရွာတွေကို ရှောင်တိမ်းနေရတယ်လို့သိရပါတယ်။

ယခုဝင်ရောက်လာတဲ့စစ်ကြောင်းဟာ ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းကို စက်တင်ဘာ ၉ ရက်က စတင်ဝင်ရောက်လာကာ လက်နက်နဲ့ ရိက္ခာတွေလာပို့တဲ့ စစ်ကြောင်းဖြစ်ပြီး အဲ့ဒီပျူစခန်းကို စစ်ရေးအရပြင်ဆင်နိုင်အောင် ကြိုးစားနေတာဖြစ်နိုင်တယ်လို့ ကိုတိုးဝေအောင်ကပြောပါတယ်။

" အင်မထီးပျူရွာကို ကျသွားမှာကို သူတို့ကြောက်နေတာပေါ့နော်။ ဟိုတလောက ပျူစခန်းကနေ ထွက်ပြေးတာတွေ များလာတယ်။ ဆက်လည်းထွက်ပြေးမှာ ကြောက်လာလို့ ရိက္ခာလည်း မငတ်အောင်လာပို့တဲ့ သဘောပဲ" လို့ သူကပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်ကလည်း ဒီစစ်ကြောင်းဟာ တနယ်ရွာကိုဝင်ရောက်ခဲ့ပြီး လှည်းအစီးရေ ၃၀ လောက်နဲ့ တနယ်ရွာခံတွေရဲ့ပစ္စည်းတွေကို သယ်ယူကာ အင်မထီးပျူစောထီးစခန်းကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပုလဲ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ပစ္စည်းလု #ဒေသခံ #ထွက်ပြေးရ #မင်းတိုင်ပင်ရွာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10