နေအိမ်မှာ တဦးတည်းနေတဲ့ အသက် ၆၀ အရွယ်အဖွားအို သတ်ဖြတ်ခံရ

နေအိမ်မှာ တဦးတည်းနေတဲ့ အသက် ၆၀ အရွယ်အဖွားအို သတ်ဖြတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကွမ်းသီးခြံကျေးရွာမှာ နေအိမ်မှာ တဦးတည်းနေတဲ့ အသက် ၆၀ အရွယ်အဖွားအို သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီခန့်မှာ နေအိမ်မှာတဦးတည်းနေတဲ့ ဒေါ်ခင်သိန်း ၆၀ နှစ်ဟာ နေအိမ်မှာ သတ်ဖြတ်ခံထားရတတာကို ဒေသခံတွေက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

"နေအိမ်ပေါ်မှာ ဓားနဲ့ထိုးခံရပြီး ပြေးလွှားရင်းနဲ့ အိမ်အောက်လှေကားအဆင်း ခြံစည်းရိုးနားမှာ သေနေတာ။ အိမ်ပေါ်မှာလည်း သွေးတွေ တွေ့ရတယ်။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့ထိုး၊ ခုတ်ထစ်ခံထားရလို့ ဒေါ်ခင်သိန်းမှာ ဦးခေါင်းနဲ့လည်ပင်းတွေမှာ ပြတ်ရှ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အပျိုကြီးဖြစ်ပြီး နေအိမ်မှာတဦးတည်းနေထိုင်သလို လယ်ယာပိုင်ရှင်တဦးဖြစ်ကာ သူသေဆုံး ချိန်မှာ သူဝတ်ဆင်ထားတဲ့ နားကပ်တဖက်ပျောက်ဆုံးနေသလို နေအိမ်အတွင်း ပစ္စည်းအချို့လည်း ပျောက်ဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ ဒေသခံတွေက အုတ်တွင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ရဲတွေကတော့ လူသတ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ နေအိမ်အနီးဝန်းကျင်က ဒေသခံ ၃ ဦးလောက်ကိုခေါ်သွားတယ်လို့ သိရပါတယ်။

မေ ၃၁ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ဝဲထောင့်ကျေးရွာအုပ်စု၊  ရှမ်းရွာကျေးရွာမှာ အိမ်နီးနားချင်း အမျိုးသမီးက နေအိမ်ပေါ်တက် ဓားနဲ့တက်ခုတ်လို့ ကျောင်းအုပ်ဆရာကြီးရဲ့အမျိုးသမီးမှာ ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်း #ကွမ်းသီးခြံကျေးရွာ #အဖွားအို #လူသတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10