နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က နေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက မတ်လ ၂၉ ရက်ဒီမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၀ ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကား ၅ စီးကို စကျင်ရွာကထွက်လာချိန် ဒီမနက် ၈ နာရီလောက်က တံတားဖြူအနီးမှာ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်တီက ပြောပါတယ်။


“စကျင်ရွာနဲ့ မတ္တရာအကြား တံတားဖြူအနီးမှာ မနက် ၈ နာရီလောက်ခန့်က ပဒေသာမိုင်း ၅ လုံးဆွဲလိုက်တာ၊ တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ ထီးတော်မိုးတပ်က စစ်သားအလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့ မတ္တရာဆေးရုံကိုပို့ပြီး ဗိုလ်မှူး ၁ ယောက်ကိုတော့ မန္တလေးဆေးရုံကို လွှဲတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာအနီး အခြေစိုက်ထားတဲ့ အမှတ် ၂ စစ်သားစုဆောင်းရေးတပ် (ထီးတော်မိုးတပ်)က ဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေး ရဲဘော်တွေကပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၈ ရက်မနေ့ကနေလယ် ၁ နာရီလောက်မှာ အထက်ပါစစ်သားတွေက မြွေဟင်္သာကျေးရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စကျင်ရွာမှာ ညအိပ်တပ်စွဲပြီး ဒီမနက်မှ စစ်ကြောင်းပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး အဖွဲ့ ၅ ဖွဲ့နဲ့ မတ္တရာအခြေစိုက် ပြည်သူ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10