နောင်ကြီးအိုင်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေ ၁၂ ဦးဒဏ်ရာရပြီး Jammer စက်ပျက်စီးဟုဆို
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းနဲ့ တိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အဖွဲ့ဆီက သိရပါတယ်။
အင်အား ၃၀ လောက်နဲ့တပ်စွဲထားတဲ့ နောင်ကြီးအိုင်ရဲစခန်းကို မေလ ၃ ရက်ညနေ ၃ နာရီခွဲမှာ ဒရုန်းနဲ့ ပြင်းအားမြင့် ဗုံး ၄ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။
"ကြဲချလိုက်တာမှာ အဆောက်အဦပေါ်တည့်တည့်ကျတယ်။ ဘန်ကာထဲကိုလည်း တည့်တည့်ကျတယ်။ အဆောက်အဦတွေလည်း အမိုးတွေလန်ပြီး ပျက်ဆီးသွားတယ်။ အဲ့ဒီအဆောက်အဦမှာတပ်ထားတဲ့ Jammer စက်ပျက်ဆီးသွားတယ်" လို့ ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်ကင်းထောက်ဆီကတဆင့် သိရတယ်လို့ ဆိုပါတယ်။
"ဗုံးသီးကြဲချပြီး ၅ မိနစ် ၁၀ မိနစ်လောက်အကြာမှာ ငါတို့ကို လာမကယ်ကြတော့ဘူးလားဟ ဆိုပြီးတော့ အော်ဟစ်ညည်းညူသံတွေကြားရတယ်လို့ ကျနော်တို့ အနီးကပ် Scout (ကင်းထောက်) တွေက ပြောကြားပါတယ်ဗျ" လို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစခန်းထဲက သေနတ်လေးငါးချက်လောက်သာဖောက်နိုင်ပြီး စခန်းအတွင်းငြိမ်သက်နေကာ ကင်းတွေချထားသလို မြင်သာတဲ့နေရာတွေမှာ မနေရဲတော့ဘူးလို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်၊ နဂါးနီတပ်ရင်း၊တပ်ရင်း(၁)၊ ကျောက်ဆည်ခရိုင် Danger Force နဲ့ အရာတော် ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်က မြင်းမူမြို့နယ်၊ တိုးဂိတ်အနီး PDF ဝတ်စုံဝတ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေးတောင်းနေတဲ့ စစ်အုပ်စုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အဖွဲ့က လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း- ဇို
#မြေလတ်အသံ
Share
Share
Share