နေ့စဥ်နီးပါး လေကြောင်းနဲ့ဗုံးကြဲခံနေရလို့ ပြည်သူတွေအတွက် ခရိုင်ပကဖက ဗုံးခိုကျင်းများတူးပေး

နေ့စဥ်နီးပါး လေကြောင်းနဲ့ဗုံးကြဲခံနေရလို့ ပြည်သူတွေအတွက် ခရိုင်ပကဖက ဗုံးခိုကျင်းများတူးပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ ကျေးရွာ ၈ ရွာမှာ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးပေးခဲ့တယ်လို့ သိရပါတယ်။

နေ့စဉ် တပ်တွင်းဆောင်ရွက်စရာ ကိစ္စတွေကို လုပ်ဆောင်ရင်း တူးဖော်ပေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ တလအတွင်း ကျင်းအရေအတွက် ၅၀ ခန့် တူးပေးခဲ့တယ်လို့ မြင်းခြံခရိုင်ပကဖ ရုံးအဖွဲ့မှူး ကိုကောင်းဆင့်က ပြောပါတယ်။

အမှတ် ၁ စစ်ဒေသ၊ မြင်းခြံခရိုင်က စစ်ရေးကို ရှေ့တိုးလုပ်ဆောင်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါးပြုလုပ်ပြီး မြင်းခြံခရိုင်ကို ဖိနေတယ်လို့ သိရပါတယ်။ 

“(လေကြောင်းတိုက်ခိုက်မှု) အရေအတွက်ကတော့ အရမ်းများသွားပြီဗျ၊ ခု ဒီမနက်မှာတင် တကြိမ် ထပ်ပြီးတော့ လုပ်သွားတယ်၊ မနေ့ညတုန်းကလည်း တကြိမ်၊ အဲ့ရှေ့ညကလည်း တကြိမ်ပေါ့နှော၊ နေ့စဉ်နီးပါး လုပ်နေတာဖြစ်တယ် ”လို့ ကိုကောင်းဆင့်က ပြောပါတယ်။

မြင်းခြံခရိုင်အတွင်းမှာ ဒီဇင်ဘာလအတွင်း  လေကြောင်းတိုက်ခိုက်မှု(Airstrike) ကြောင့် ကလေးငယ် ၃ဦး အပါအဝင် ပြည်သူ ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“ဒီဇင်ဘာလထဲမှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်အထက်ရှိခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးအပါဝင် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်” လို့ ကိုကောင်းဆင့်က ဆိုပါတယ်။ 

လေကြောင်း အန္တရာယ်ကြောင့် မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေက ဗုံးခိုကျင်းတူးဖို့ သိကြပေမဲ့ Oxygen ဝင်ဖို့ လမ်းကြောင်းတွေကို စီမံဖို့ နည်းလမ်းမကျမှာစိုးလို့ ရဲဘော်တွေနဲ့အတူ သွားရောက်တူးဖော်ပေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မြင်းခြံခရိုင်နယ်မြေမှာ လူစုလူဝေးကို ရှောင်ရှားနေရတဲ့ အနေအထားဖြစ်နေတဲ့အတွက် လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးခြင်း၊ အသိပညာပေးခြင်းတို့ကို လုပ်ဆောင်‌နေတယ်လို့လည်း သိရပါတယ်။

ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကြောင့် တချို့ အိမ်လုံးဝ မပြန်ရဲတဲ့သူရှိသလို Airstrikeကြောင့် ပြန်စရာအိမ်မရှိတော့တာတွေလည်းရှိတယ်လို့ သိရပါတယ်။

“ပြည်သူလူထုကတော့ အရမ်းစိုးရိမ်နေတဲ့ အနေအထားမှာ ရှိတယ်၊ တချို့ ကိုယ့်ရပ်ရွာကို ပစ်ပြီးတော့ မြို့ပေါ်အရပ်တွေကို ပြေးကုန်တာ ရှိတယ်ပေါ့၊ နီးစပ်ရာ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် စသဖြင့်ပေါ့နော်၊ အိမ်ငှားနေကြတာ ရှိတယ်၊ တချို့ကျတော့ ကိုယ့်ရွာထဲကို ပြန်မနေဘဲနဲ့ တောထဲတောင်ထဲမှာ ဖြစ်သလိုနေပြီးတော့ နေတာတွေ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

လေကြောင်းအန္တရာယ်ကို အံတုနိုင်ဖို့ ဗုံးခိုကျင်းတွေ အဓိက လိုအပ်ပြီး သတိနဲ့ နေထိုင်ကြဖို့နဲ့ ကျေးရွာတိုင်း ကျေးရွာတိုင်း ဗုံးခိုကျင်းတွေ လုပ်ဆောင်ပြီး လိုအပ်ရင် ချိတ်ဆက်အကူညီတောင်းနိုင်တယ်လို့ မြင်းခြံခရိုင်ပကဖ ရုံးအဖွဲ့မှူး ကိုကောင်းဆင့်က ပြောပါတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - JCG

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ခရိုင်ပကဖ #ပြည်သူ #ဗုံးခိုကျင်းတူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10