နေ့အချိန်မီးမရလို့ ကလေးမြို့မှာ မီးသွေးဈေးမြင့်တက်ပြီး ထင်းမီးအသုံးပြုသူများလာ

နေ့အချိန်မီးမရလို့ ကလေးမြို့မှာ မီးသွေးဈေးမြင့်တက်ပြီး ထင်းမီးအသုံးပြုသူများလာ

နေ့ပိုင်း တနေကုန်မီးမလာတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မီးသွေးဈေးတွေ မြင့်တက်နေတာကြောင့် ထင်းမီးကိုအသုံးပြုသူတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လျှပ်စစ်မီးမရလို့ ချက်ပြုတ်ရာမှာ လျှပ်စစ်မီးအစား ထင်း၊ မီးသွေးကို အစားထိုးအသုံးပြုနေရတာကြောင့် မီးသွေးအိတ်ဈေးတွေ မြင့်တက်နေတာလို့ ဆိုပါတယ်။

ကလေးမြို့ခံ အမျိုးသမီးတဦးက "လျှပ်စစ်မီးပျက်တော့ထင်းတို့၊ မီးသွေးတို့ အဲ့ဒါမျိုးတွေသုံးရတာပေါ့နော့။ ခက်ခဲတာပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ဝယ်လို့တော့ရတာပေါ့ကွယ်။ ဈေးတွေက အဆမတန်ကြီးတာပေါ့။" ပြောပါတယ်။

အရင်က မီးသွေး ၁ အိတ်ကို ကျပ် ၇ ထောင် ဝန်းကျင်ရှိခဲ့ရာက လက်ရှိမှာ မီးသွေး ကျို့သား ၁ အိတ်ကို ၂ သောင်းကျပ်နဲ့ ရိုးရိုးပျဉ်းသားအရော မီးသွေး ၁ အိတ်ကို ၁ သောင်း ၇ ထောင်ဝန်းကျင်အထိရှိနေပြီး မီးသွေးအမျိုးအစား‌ပေါ်မူတည်ကာ မီးသွေး ၁ အိတ် ကျပ် ၂ သောင်းဝန်းကျင်အထိရှိနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့မှာအသုံးပြုတဲ့ မီးသွေးအများစုဟာ ကလေးဝဘက်က ဝင်တာဖြစ်ပြီး ကလေးဝဘက်မှာ မီးသွေး ၁ အိတ်ကို အမျိုးအစားပေါ်မူတည်ပြီး ၁၂,၀၀၀ ဝန်းကျင်ရှိပေမဲ့ သယ်သူစရိတ်များလို့ ကလေးမြို့မှာ မီးသွေးဈေးမြင့်တာဖြစ်နိုင်တယ်လို့ ကလေးဝဒေသခံတွေဆီက သိရပါတယ်။

မီးသွေးဈေးတွေကြီးမြင့်နေတာကြောင့် မီးသွေးဝယ်ဖို့ရာ အဆင်မပြေတဲ့ ဒေသခံမိသားစုတွေကတော့ သစ်ကိုင်းခြောက်တွေရှာပြီး ထင်းအဖြစ်အသုံးပြုကာ မီးမွှေးပြီးချက်ပြုတ်နေကြရတယ်လို့ ဆိုပါတယ်။

"နဂိုကတည်းကလည်း ဒီဒေသက တောစပ်တောင်စပ်နဲ့ နီးတယ်ဆိုတော့လေ တော်ရုံတန်ရုံလူတွေကလည်း ထင်းလေးတွေ‌နဲ့ မွှေးလိုက်ကြတာ။"လို့ ကလေးမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

မြို့နယ်လျှပ်စစ်ရုံးက ဒီဇင်ဘာ ၄ ရက်ကစပြီး ကလေးမြို့တစ်မြို့လုံးအတွက် မီးပေးဖို့ရာ လုံလောက်တဲ့ မဂ္ဂါဝပ်မရရှိတာကြောင့်ဆိုကာ မနက် ၆ နာရီကနေ ည ၈ နာရီအထိ လျှပ်စစ်မီးဖြတ်တောက်ထားပြီး ည ၈ နာရီနောက်ပိုင်းမှ မီးရရှိတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာ လူဦးရေ ၃ သိန်း ၄ သောင်းကျော်ရှိပြီး မြို့ပေါ်လူဦးရေမှာ ၁ သိန်း ၂ သောင်းကျော်ရှိတယ်လို့ ၂၀၁၉ ခုနှစ် ကောက်ခံထားတဲ့ လူဦးရေစာရင်းအရ သိပါတယ်။ 

သတင်း - သက်ဝေ၊ စာတည်း - JCG

#မြေလတ်အသံ

#ကလေးမြို့ #လျှပ်စစ်မီး #မီးသွေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10