နံဇကျေးရွာက ဒေသခံ ၃ ဦးကို စစ်ကောင်စီက နေအိမ်ထဲ မီးရှို့သတ်ဖြတ်

နံဇကျေးရွာက ဒေသခံ ၃ ဦးကို စစ်ကောင်စီက နေအိမ်ထဲ မီးရှို့သတ်ဖြတ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာက ဒေသခံ ၃ ဦးကို စစ်ကောင်စီဘက်က နေအိမ်ထဲ မီးရှို့သတ်ဖြတ်သွားတယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၂၀ ရက် မနက် ၆ နာရီကျော်မှာ စစ်ကောင်စီ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ၊ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း၊  ဖြူးအခြေစိုက် ခမရ ၃၀၈ ကတပ်သားတွေက  အင်အား ၃၀၀ ခန့်နဲ့ နံဇရွာကိုရောက်လာပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး နေအိမ်တွေထဲမှာ မီးရှို့သတ်သွားတယ်လို့ ဆိုပါတယ်။

"ဒေသခံတွေ ပြောပြချက်အရ ပြန်သိရတာက အမျိုးသား ၃ ဦးကို အရှင်လတ်လတ် နေအိမ်ထဲမှာတင် မီးရှို့သတ်သွားတယ်။ သတ်ခံရတဲ့ထဲမှာ စိတ်မနှံ့သူ အမျိုးသား ၁ ဦးလည်းပါတယ်။ နေအိမ်တွေပါ မီးလောင်တာရှိတယ်" လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီက မီးရှို့သတ်ဖြတ်လို့ စောပီလူး ၄၀ နှစ် စိတ်ကျန်းမာရေးမကောင်းသူ၊ စောအောင်ဝင်းကြိုင် ၅၀ နှစ်နှင့် စောဗိုက်ပူ ၅၀ နှစ်တို့ မီးလောင်သေဆုံးသွားတယ်လို့်ဆိုပါတယ်။

စစ်ကောင်စီမီးရှို့လို့ ဒေသခံနေအိမ်တွေပါ မီးကူးစက်လောင်ကျွမ်းမှုရှိခဲ့ပြီး နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးကာ ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားလို့ အသေးစိတ်အခြေနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။။

စစ်ကောင်စီတပ်ဖွဲ့တွေ နံဇရွာကို ဝင်လာချိန် နံဇရွာအနီး အနားမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်အခြေနေကို မသိရသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး နေအိမ်တွေ မီးရှို့နေလို့ နံဇ၊ ဇရပ်ခင်း၊ ရင်းတိုက်ကုန်းအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ကျော်ခန့်ကလည်း ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနဲ့ ငါးဖယ်အင်းကျေးရွာဘက်ကို ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #နံဇ #စစ်ကောင်စီ #မီးရှို့သတ်ဖြတ် #ဒေသခံ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10