သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ဝာာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ကင်းကျတဲ့အချိန်ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ ဒေါင်းစစ်အောင် Local PDF ဆီက သိရပါတယ်။
အသက် ၃၀ နှစ်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် ကျော်စွာထက် ဟာ ဇန်နဝါရီ ၁၅ ရက် နွယ်တမယ်တံတားမှာ ကင်းကျတဲ့အချိန် ထွက်ပြေးလာခဲ့တာဖြစ်ပြီး ဒေါင်းစစ်သည်အဖွဲ့ ရှေ့ကင်းပွိုင့်က ရဲဘော်တွေနဲ့အတွေ့မှာ လက်ထောင်ပြပြီး ဘက်ပြောင်းခိုလှုံခဲ့တာလို့ ဒေါင်းစစ်အောင် Local PDF အဖွဲ့တာဝန်ခံကပြောပါတယ်။
“ကျနော်တို့နဲ့ ချိတ်ဆက်ပြီးဝင်လာတော့ မဟုတ်ဘူး။ သူကင်းစောင့်တဲ့နေရာကနေ ကင်းကျတဲ့အချိန်ထွက်ပြေးလာတာ။ ကျနော်တို့ရဲ့ ရှေ့ကင်းပုန်းက တွေ့တာဗျ။ တွေ့တဲ့အခါမှာ မေးတော့ ကျနော်အလင်းဝင်တာပါဆိုပြီး လက်ထောင်ပြီး အလင်းဝင်လာတာ။ ကျနော်တို့နဲ့ ချိတ်ဆက်ထားတာ မဟုတ်ဘူး။” လို့ ဒေါင်းစစ်အောင် Local PDF တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။
ဘက်ပြောင်းခိုလှုံလာသူ ကျော်စွာထက် ဟာ စစ်သားစုဆောင်းရေးမှာ ပါဝင်လာသူဖြစ်ပြီး သင်တန်းတက်ပြီးချိန် ခလရ ၂၅၄၊ ၂၅၅ တပ်ထဲမှာ ၃ ရက်အကြာနေခဲ့ရကာ အဲ့ဒီကနေတဆင့် နွယ်တမယ်တံတားမှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ ၁၀ ရက်ခန့်အကြာမှာ နွယ်တမယ်တံတားကနေ ထွက်ပြေးလာတယ်လို့သိရပြီး ရောက်ရှိလာတာမကြာသေးတဲ့အတွက် တပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ မေးမြန်းလို့မရဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီဟာ နွယ်တမယ်မှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတာများနေတာကြောင့် ဇန်နဝါရီ ၁၇ ရက် ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ တပ်သားအသစ်နဲ့အဟောင်း လဲလှယ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။
ဘက်ပြောင်းခိုလှုံလာသူ ကျော်စွာထက် ကတော့ မိသားစုဆီပြန်သွားရင် ဖမ်းဆီးအရေးယူခံရနိုင်တာကြောင့် သူချိတ်ဆက်ထားတဲ့သူငယ်ချင်းတွေရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီသွားကာ စစ်ကောင်စီတပ်တွေကို ပြန်လည်တော်လှန်ချင်တယ်လို့ ဆိုတာကြောင့် သေချာစိစစ်နေပြီး မှန်ကန်တယ်ဆိုပါက ဆက်သွယ်ပြီး ပို့ပေးသွားမယ်လို့ တာဝန်ခံကိုထူးလေးက ဆက်ပြောပါတယ်။
ကျော်စွာထက်ဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကဖြစ်ပြီး ထွေအုပ်ရုံးက စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ဆေးစစ်ဖို့ ၂ ရက်ကြာမယ်ဆိုကာ ဆယ်အိမ်မှူးကလာရောက်ခေါ်ဆောင်တာကြောင့် ထွေအုပ်ရုံးကိုရောက်ခဲ့ပါတယ်။ အဲ့ဒီညနေမှာ စုဆောင်းရေးတပ် ၉၁၀ ကိုပို့ဆောင်ခံလိုက်ရကာ သင်တန်း ၁၁ ပတ်တက်ခဲ့ရပြီး ဒီဇင်ဘာ ၂၈ ရက်မှာ သင်တန်းဆင်းကာ ၃၀ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ ကိုရောက်ခဲ့ပါတယ်။
တိုက်ပွဲဝင်ဖူးတာမရှိသေးဘဲ ကင်းစောင့်တာဝန်သာလုပ်ဆောင်ခဲ့ရပြီး ဇန်နဝါရီလအစောပိုင်းမှာ ခလရ ၂၅၅ တပ်ရင်းကိုရောက်ရှိခဲ့ကာ အဲ့ဒီကနေ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ကင်းစောင့်တာဝန်ကျပါတယ်။ ကင်းစောင့်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းချတာကြောင့်ရော၊ စစ်ကောင်စီတပ်ထဲမှာနေထိုင်ရတာ မပျော်တော့တာကြောင့်ပါ အခွင့်ရချိန်ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ ကင်းစောင့်နေတဲ့အချိန် အပေါ်ကနေ ဒရုန်းတွေပြုတ်ကျတယ်။ ကျနော်လည်း လန့်တာပေါ့ဗျာ။ ကျနော်တို့က တပ်သားသစ်ဆိုတော့ ဘာလုပ်ရလဲမသိဘူး၊ ဘာကြံရမှန်းမသိဘူး။ ပြောရရင်တော့ ကျနော်တို့က တပ်ထဲမှာလည်းမပျော်ဘူး။ အဲ့ဒါနဲ့ထွက်ပြေးလာတာ။” လို့ စစ်ကောင်စီတပ်သား ကျော်စွာထက်က ပြောပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ ဒေါင်းစစ်အောင် Local PDF ဆီကို အလင်းဝင်လာသူ စုစုပေါင်း ၂ ဦးရှိပြီလို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မကွေးတိုင်း #စလင်း #ဆင်ဖြူကျွန်း #နွယ်တမယ်တံတား #ဘက်ပြောင်းခိုလှုံ
Share Share Share