နွားထိုးကြီးက ၂ ရက်တာတိုက်ပွဲမှာ PDF ၁ ဦးနဲ့ စစ်သား ၅ ဦးသေဆုံး

နွားထိုးကြီးက ၂ ရက်တာတိုက်ပွဲမှာ PDF ၁ ဦးနဲ့ စစ်သား ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ မြင်းခြံအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးနဲ့ ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့ Myingyan District Army - 4 Natogyi PDF ဆီက သိရပါတယ်။ 

အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဒေသခံမဟာမိတ်တပ်တို့ ဇန်နဝါရီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာအနီး တကြိမ်၊ ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဖောင်ချဥ်းကျေးရွာမြောက်ဘက် ဘုရာကြီးအနီးမှာတကြိမ် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ 

“၁၇ ရက်နေ့က သူတို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ အဲ့ဒီနေ့က တိုက်ပွဲကတော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်သွားတာပေါ့၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေလည်း များတယ်” လို့ Myingyan District Army - 4 Natogyi PDF မှ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။ 

ဇန်နဝါရီ ၁၆ ရက်တိုက်ခိုက်မှုမှာ နှစ်ဖက်သေဆုံးမှု မရှိခဲ့ဘဲ ၁၇ ရက်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၅ ဦးနဲ့ Myingyan District Army - 4 Natogyi PDF အသက် ၂၆ နှစ်အရွယ် ရဲဘော်အောင်မင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အမှတ် ၈ တပ်ရင်း  Myingyan District Army-4 Natogyi PDF နဲ့ ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဟန်ရေးပြတာတွေ ရှိခဲ့ပြီး တိုက်ခိုက်တာတော့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်မနက်ပိုင်း တိုက်ပွဲဖြစ်ပြီးနောက် ဒဏ်ရာရစစ်သားတွေကိုသယ်လာတဲ့ ကား ၁ စီးနဲ့ နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ဆီက သိရပါတယ်။

နေ့လယ် ၁၁ နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေ သယ်လာတဲ့ကားကို နဘူးအိုင်နဲ့ ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တဲ့အပြင် နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုပါ မိုင်းထပ်ဆွဲခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

၂ ကြိမ်စလုံးကို နဘူးအိုင်နဲ့ ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး ၃ စီးလုံးက 4 Wheels အမျိုးအစား ကားတွေဖြစ်ကာ ၁ စီးကတော့ မောင်းမရဘဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီး ကျန်နေခဲ့တဲ့ ကားတစီးကို နယ်မြေရှင်းလင်းရေးလုပ်ချိန် လမ်းဘေးတနေရာမှာတွေ့လို့ ကားပေါ်ပါတဲ့ Mavic Pro Drone ၁ စီး နဲ့ကျည်အချို့ကို သိမ်းကာ ကားကိုမီးရှို့လိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါအင်အား ၁၈၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက အုပ်စုတွေခွဲပြီး မြင်းခြံမြို့ပေါ်နဲ့ မြို့သာမြို့ဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။ 

ပုံစာ - Myingyan District Army - 4 Natogyi PDF တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10