နွားထိုးကြီးက စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခု ဗုံးကြဲခံရ

နွားထိုးကြီးက စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခု ဗုံးကြဲခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာ ၂ ခုကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီလောက်က ညောင်ဇင်ကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို  ဗုံးသီး ၃ လုံးချ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီကျော်မှာတော့ လက်ဝဲကျေးရွာရှိ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးလောက်ကို ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"စကစတွေက ဒီရွာတွေထဲမှာ သီးသန့်စခန်းချပြီး နေတာမဟုတ်ဘူး။ အခိုင်အမာ ကောင်းကောင်းလုပ်ပြီးတော့ ပြည်သူတွေရဲ့ ခြံဝန်းထဲမှာနေကြတာ။ အဲ့ဒါကို ဒရုန်းနဲ့ကြည့်ပြီး တိုက်ခိုက်တာ”လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ညောင်ဇင်ကျေးရွာက စစ်ကောင်စီတပ်သားတွေကတော့ တိုက်ခိုက်ခံရပြီးနောက် သေဆုံးစစ်သား ၂ ဦးကို မြေမြုပ်သင်္ဂြိုဟ်ပြီး နောက်တနေ့ အောက်တိုဘာ ၁၅ ရက်မနက်မှာ မြင်းခြံမြို့နယ်ထဲကို ထွက်ခွာသွားခဲ့ကြတယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် လက်ဝဲကျေးရွာက စစ်ကောင်စီတပ်သားတွေကတော့ ဒရုန်းနဲ့ တိုက်ခိုက်ခံနေရချိန် အတွင်းမှာလည်း ဘေပတ်ဝန်းကျင်ကို လက်နက်ငယ်တွေ နဲ့ တရစပ်ပြန်ပစ်ခတ်သလို တိုက်ခိုက်ခံရပြီးမှာလည်း ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

စစ်သားသေဆုံးတဲ့ အရေအတွက်ကိုတော့ ဒေသခံတွေနဲ့ တပ်တွင်းသတင်းပေးတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Natogyi People Defence မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနဲ့ Myingyan District Drone Strike(MDDS)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက်နေ့လယ် ၁ နာရီ ကျော်မှာလည်း တောင်သာမြို့ကနေ နွားထိုးကြီး မြို့နယ်ထဲကို ထွက်ခွာလာကြတဲ့ စစ်ကား ၃ စီးကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက တောင်သာ-နွားထိုးကြီးကားလမ်းပိုင်း တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်ကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #တိုက်ခိုက် #ဒရုန်း #ဗုံးကြဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10