နွားထိုးကြီးနဲ့ငါန်းဇွန်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

နွားထိုးကြီးနဲ့ငါန်းဇွန်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်အတွင်းသွားလာနေတဲ့  စစ်ကောင်စီတပ်သားတွေကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

အောက်တိုဘာ ၁၅ ရက် ည ၈ နာရီကျော်မှာ နွားထိုးကြီးမြို့ပေါ်ကနေ မြင်းခြံဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ ခန့်ပါ ကား ၂ စီးကို  နွားထိုးကြီးမြို့နယ်၊ ကံရွာရဲ့အနောက်ဘက် ကားလမ်းမအရောက်မှာ ၄ လုံးတွဲပဒေသာမိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 "ကားပေါ်မှာဘဲ စကစ ၂ ကောင်ပွဲချင်းပြီးသေတယ်။ ကားဘေးမှန်တွေလည်း ပေါက်ထွက် ပျက်စီးသွားတယ်။ ကားတွေ မီးလောင်ပျက်စီးတာမျိုးမဖြစ်ခဲ့ဘူး။ တပ်တွင်းဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုခဲ့တာ" လို့ Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ လမ်းတလျောက်လုံးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ပေါ်ကို ဆက်လက်မောင်းနှင်သွားခဲ့ ကြတယ်လို့ ဗိုလ်မိုက်ခဲ က ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ Myingyan Black Tiger (MBT)၊ MDY-PDF ခရိုင်တပ်ရင်း ၃၊ Natogyi Regional Defence Forceတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက် မနက် ၈နာရီကျော်မှာ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာကနေ စစ်ကြောင်းထွက်လာချိန် ထနောင်းကုန်းကျေးရွာအနီး ကားလမ်းမပေါ်အရောက်မှာ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

မီတာ ၂၀၀အကွာကနေ စောင့်ပြီးတော့ ဖောက်ခွဲတာ။ မိုင်းက ၁၀ လုံးစလုံး မကွဲလိုက်ဘူး။ ၃ကောင်သေတာနဲ့ ၁ ကောင်ဒဏ်ရာရတာကိုတော့ ကျနော်တို့မျက်မြင်ပါပဲ" လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။ 

ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ထနောင်းကုန်းကျေးရွာထဲဝင်ရောက်ပြီး အမျိုးသား ၂ ဦးကိုဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁၊ ငါန်းဇွန်မီးနဂါးပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက် တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပျောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ငန်းနက်ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နွားထိုးကြီး #ငါန်းဇွန် #စစ်ကောင်စီတပ် #မိုင်းဆွဲခံရ #ထိခိုက်သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10