နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအနီး မြင်းခြံ-ရေဝန်း ကားလမ်းပေါ်မှာ သံဃာတော်နဲ့ ပြည်သူတွေလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၃ နာရီခန့်မှာ မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကို မောင်းလာတဲ့ မတ်တူးကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ကားက ကျောက်ဆည်ဘက်ကကားလို့ သိရတယ်။ ပခုက္ကူဘက်ကနေ နားရေးဆွမ်းစားဖိတ်လို့ သွားပြီးပြန်လာတဲ့ကားပါ။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

 

ပစ်ခတ်ခံရလို့ ကားပေါ်ပါ သံဃာ ၁ ပါး၊ လူ ၆ ဦးအနက် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဥာဏ သက်တော် ၇၆ နှစ်၊ ဒေါ်သန်းမိ ၇၀ နှစ်၊ မခိုင်ဌေး ၃၈ နှစ်တို့မှာ ရင်ဘတ်၊ ကျောနဲ့လက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာတင် သေဆုံးခဲ့ပြီး မအိအိဖြိုး ၂၃ နှစ်မှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူကို မေးမြန်းရာမှာတော့ "အဲ့ဒီကိစ္စက သတင်း ၂ မျိုးထွက်နေတယ်။ စစ်ကားကိုကျော်တက်လို့ ပစ်ခံရတာလို့ပြောနေကြသလို PDF တွေဘက်က တားတာမရပ်ပေးလို့ ပစ်ခံရတယ်လို့လည်း သတင်းထွက်နေတော့ အခြေနေအမှန်ကို သိရဖို့ စုံစမ်းနေပါတယ်။ ပစ်ခံရတဲ့ကားကတော့ အရပ်သားကားပါ"လို့ ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ထိခိုက်သေဆုံးသူတွေကိုတော့ ဒေသခံတွေက နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #တိုက်ခိုက်မှု #သံဃာသေဆုံး #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10