နွားထိုးကြီးမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

နွားထိုးကြီးမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာ သင်္ချိုင်းကုန်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်တွေကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ Myingyan Black Tiger (MBT) အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၅ ဦးခန့်ပါတဲ့ အဲ့ဒီစစ်သားတွေဟာ ကုန်းသာရွာသင်္ချိုင်းကုန်းမှာ ကင်းပုန်းဝပ်နေတဲ့အချိန် ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

“နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ မြင်းခြံဘက်က **တွေက နွားထိုးကြီးမြို့နယ် ကုန်းသာရွာထဲကို ဝင်လာတဲ့အချိန်က အင်အား ၇၀ ဝန်းကျင်လောက်ရှိတယ်၊ ရွာထဲဝင်ပြီးတော့ သင်္ချိုင်းကုန်းဘက်ကို ၁၅ ယောက်ဝန်းကျင်လောက်ထွက်လာပြီး သင်္ချိုင်းကုန်းဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့အချိန် ကျနော်တို့ဘက် က ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့ပါတယ်” လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေက ကုန်းသာကျေးရွာထဲကို ပြန်ပြေးချိန်မှာလည်း နောက်ထပ် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces၊ မြင်းခြံ ပကဖ ၊Triger Brotherနဲ့ မြစ်သား PDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တိုက်ခိုက်မှုအပြီးမှာ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေက သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံပို့ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် ညနေ ၃ နာရီလောက်မှာ မြင်းခြံဘက်ကို ပြန်ဆုတ်သွားကြတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10