နွားထိုးကြီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး ပျူ ၁ ဦးသေဆုံး

နွားထိုးကြီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး ပျူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ဘက်ကနေ နွားထိုးကြီးမြို့နယ်၊ သာကုန်းကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီယာဥ်တန်းကို နနွင်းတော်ဘိုလမ်းခွဲမှာစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။ 

စစ်သားနဲ့ ပျူစောထီးအင်အား ၂၀ ဝန်းကျင်လိုက်ပါလာတဲ့ ကား ၃ စီးကို ဇန်နဝါရီ ၂၆ ရက်မှာ ဒီမနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဖရဲသီးသတင်းပေးချက်အရ ကား ၃ စီးကို နနွင်းတော်ဘို လမ်းခွဲပိုင်းကနေ စောင့်ကြိုပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ၊ အဓိကဆွဲတာက ရှေ့ဆုံးကားကိုမိုင်းဆွဲခဲ့တာပါ၊ ဒါပေမဲ့ ရှေ့ဆုံးကားက Jammer ပါလို့လားမသိဘူး၊ ရှေ့ဆုံးကားကိုမဆွဲမိဘဲနဲ့ နောက်ဆုံးကားကျမှ မိုင်းက ထကွဲတာ” လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

မိုင်းထိတဲ့ကားပေါ်မှာ လိုက်ပါလာတဲ့အဖွဲ့ထဲက ပျူစောထီး ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“၁ ကောင်ကကားပေါ်မှာ ပွဲချင်းပြီးသေတယ်။ နောက်ထပ် ၁ ကောင်ကတော့ ဒဏ်ရာပြင်းပြင်း ထန်ထန်ရတယ်။ မြင်းခြံပြည်သူ့ဆေးရုံကြီးမှာပဲ ရှိပါတယ် မသေသေးဘူး။ နောက် ၁ ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး။ ကားကတော့ ဘယ်ဘက်အခြမ်း လေကာမှန်တွေကော ‌စုတ်စုတ်ပြတ်ပြတ်ဖြစ်သွားတယ်” လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။ 

သေဆုံးတဲ့ ပျူစောထီးဟာ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူလို့သိရပြီး အချက်အလက်အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက အနီးတဝိုက်ကို ၅ မိနစ်လောက် စစ်ဆေးမှုတွေလုပ်ပြီး မြင်းခြံဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #နွားထိုးကြီး #စစ်ကောင်စီကား #မိုင်းဆွဲ #ပျူစောထီးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10