နွားထိုးကြီးမှာ တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၄ ဦး အသတ်ခံရ

နွားထိုးကြီးမှာ တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၄ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၄ ဦး အောက်တိုဘာ ၂ ရက် မနေ့နေ့လယ် ၁ နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ ဆူးရစ်ကုန်းကျေးရွာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ဦးမောင်တင်၊ ဦးတင်ရွှေ၊ ကိုကျော်မျိုးအောင်၊ ဦးရွှေကျီးတို့ဖြစ်ပြီး ၄ ဦးစလုံးဟာ ဦးရွှေကျီးရဲ့နေအိမ်ခြံဝန်းထဲမှာ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"ဒီ ၄ ယောက်က စစ်ကောင်စီသတင်းပေးနဲ့ စစ်ကောင်စီရဲ့ထောက်တိုင်တွေမို့ပါ။ ဆူးရစ်ကုန်းမှာ ဒီလို သတင်းပေးလုပ်နေတာ ၁၅ ယောက်ရှိတယ်တဲ့။ အဲ့ဒီထဲက ဒီ ၄ ယောက်က ခေါင်းဆောင်တွေလို့ သိရတယ်" လို့ နွားထိုးကြီးPDFနဲ့ နီးစပ်သူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သူတို့ ၄ ဦးဟာ ဆူးရစ်ကုန်းကျေးရွာအနီးရှိ သရက်ကန်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သတင်းပေးနေတာဖြစ်သလို ပျူစောထီးသင်တန်းတွေတက်နိုင်ဖို့ကိုလည်း လူစုဆောင်းတာတွေလုပ်ပေးနေသူတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမသိရသေးသလို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ဖောင်းချဥ်(မြောက်)ကျေးရွာရဲ့ ရွာဝင်လမ်းမှာ ထန်းဇင်ကျေးရွာက အမျိုးသား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #ကြံ့ခိုင်ရေးပါတီဝင် #တပ်သတင်းပေး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10