နွားထိုးကြီး လဝကနဲ့ထွေအုပ်ရုံး ဒရုန်းဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

နွားထိုးကြီး လဝကနဲ့ထွေအုပ်ရုံး ဒရုန်းဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လူဝင်မှု ကြီးကြပ်ရေး(လဝက)ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ လဝကရုံးကို ၆၀ မမ ဗုံးသီး ၂ လုံး၊ ထွေအုပ်ရုံးကို ၆၀ မမ ဗုံးသီး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone strike အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"အဲ့ဒီနားက စုပေါင်းရုံးတွေလိုဖြစ်နေတာ၊ လူနေအိမ်နည်းပြီးရုံးတွေဘဲများတယ်။ လဝကရုံး ချတဲ့အချိန်မှာ ရုံးအရှေ့ဘက်နားက စကစတွေနေတဲ့နေရာနားကျပြီး သေတာရှိတယ်။ ထွေအုပ်ရုံးနားချတဲ့ အချိန်မှာ ရုံးနားကျပြီးတော့ ရဲမိသားစုတွေ ထိခိုက်သေဆုံးတာရှိတယ်"လို့ ပြောပါတယ်။

လဝကရုံးနဲ့ထွေအုပ်ရုံး ဗုံးချတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ရဲမိသားစုဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူကပြောပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နွားထိုးကြီးမြို့ ထွေအုပ်ရုံးနဲ့ရဲစခန်းအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေဘက်က ဒရုန်းတွေကို လိုက်ပစ်တာရှိသလို ဗုံးချခံရတဲ့နေရာတွေကို စစ်ကောင်စီနဲ့ရဲတွေ အင်အားဖြည့်ထပ်ရောက်လာပြီး စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone strike အဖွဲ့နဲ့ Natogyi People Defence force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့ကလည်း နွားထိုးကြီးမြို့ရှိ ထွေအုပ်ရုံးနဲ့လျှပ်စစ်ရုံး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ ဝန်ထမ်း ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10